(မှုခင်း) မေ ၂၈
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်ရန် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများအတွင်းရှိ တရားမဝင်အဆောက်အအုံများတွင် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်မှု မရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းကာ စနစ်တကျ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သလို တရားမဝင်အဆောက်အအုံများကိုလည်း ထပ်မံအသုံးပြု၍ အဆိုပါ လုပ်ငန်းများ ဆက်လက်ကျူးလွန်ခြင်း မပြုနိုင်စေရန် အပြီးတိုင်ဖြိုချဖျက်ဆီးလျက်ရှိသည်။
ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးအား ယာဉ်ယန္တရားများ အသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ စုစုပေါင်း ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးအဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ကာ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ယနေ့တွင် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ထပ်မံဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်း အဆောက်အအုံ ၁၂ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၆၅ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်စေရေးအတွက် ပြည်တွင်းအင်အားစုများသာမက အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။