အိမ်ဖြူတော်လုံခြုံရေးဂိတ်ကို သေနတ်ဖြင့်ပစ်ခတ်သည့် လူတစ်ဦးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

(နိုင်ငံတကာ)မေ ၂၄

    ​​​​အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အနီး လုံ ခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုကို သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အမျိုးသားတစ်ဦးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်း ရေးအဖွဲ့ (Secret Service) က ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေနတ်သမား သေဆုံးသွားခဲ့ပြီး၊ အဆိုပါဖြစ်စဉ်ကြောင့် အိမ်ဖြူတော်အား ချက်ချင်းအသွား အလာပိတ်ဆို့ (Lockdown) ချခဲ့ရသည်။

     စနေနေ့ညနေ ၆ နာရီခွဲခန့်တွင် သံသယရှိသူအမျိုးသားသည် ၁၇ လမ်းနှင့် ပင်ဆယ်ဗေးနီးယားရိပ်သာလမ်းဆုံ၌ရှိသော လျှို့ ဝှက်ထောက်လှမ်းရေးအဖွဲ့၏ စစ်ဆေးရေးဂိတ်သို့ ချဉ်းကပ်လာခဲ့ပြီး၊ ၎င်း၏အိတ်ထဲမှ သေနတ်ကိုထုတ်ကာ ထိုနေရာတွင် တာဝန်ကျနေသည့် လုံခြုံရေးအရာရှိများကို စတင်ပစ်ခတ်ခဲ့သည်။

     ကနဦးစုံစမ်းစစ်ဆေးချက်များအရ သံသယရှိသူသည် အဆို ပါဧရိယာသို့ မလာရောက်ရန် တားမြစ်မိန့် (Stay-away order) ထုတ်ပြန်ခြင်း ခံထားရသူဖြစ်ပြီး ၎င်းက ယင်းတားမြစ်ချက်ကို လျစ်လျူရှုကာ အိတ်ထဲ၌ သေနတ်ကို ဝှက်ယူလာခဲ့ခြင်း ဖြစ် သည်။ လုံခြုံရေးအေးဂျင့်များက ချက်ချင်းပြန်လည်ပစ်ခတ်ခဲ့သဖြင့် သေနတ်သံပေါင်း ၃၀ ကျော် ထွက်ပေါ်ခဲ့ကာ သေနတ်သမားအား ကျည်ထိမှန်ခဲ့ပြီး ဂျော့ချ်ဝါရှင်တန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်။ ယင်းအပြန် အလှန်ပစ်ခတ်မှုအတွင်း ဘေးမှဖြတ်သွားသူ အရပ်သားတစ်ဦးလည်း သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

     ဖြစ်ပွားချိန်တွင် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်အတွင်း၌ ရှိနေခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ဘေးကင်းခဲ့သလို၊ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှ ဝန်ထမ်းများလည်း ထိခိုက်မှုမရှိခဲ့ပေ။ အိမ်ဖြူတော်မြောက်ဘက်မြက်ခင်းပြင်ရှိ သတင်း ထောက်များကို သတင်းစာရှင်း လင်းပွဲခန်းမအတွင်း ဝင်ရောက်ခိုလှုံရန် ညွှန်ကြားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard)တို့က ပတ် ဝန်းကျင်ဧရိ ယာတစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ခဲ့သည်။

     လက်ရှိတွင် FBI ညွှန်ကြားရေးမှူး ကာ့ရှ် ပါတေးလ်က ၎င်းတို့အေဂျင်စီအနေဖြင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို ကူညီပံ့ပိုးရန် အခင်းဖြစ်ပွားရာနေရာ၌ ရောက်ရှိနေကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အတည်ပြုထားသည်။

     အောက်လွှတ်တော် ရစ်ပတ်ဘလစ်ကန် လူများစုခေါင်း ဆောင် စတိဗ် စကာလစ်က “ကျွန်တော်တို့ဟာ အန္တရာယ်များတဲ့ ခေတ်ကာလထဲမှာ ရှင်သန်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ အိမ်ဖြူတော် ပြန်ကြားရေးဒါရိုက်တာကမူ သမ္မတထရန့်သည် ဘေးကင်းစွာဖြင့် ဆက် လက်အလုပ်လုပ်ကိုင်နေကြောင်း အသိပေးထားသည်။

     ယခုပစ်ခတ်မှုသည် လွန်ခဲ့သည့်တစ်လခန့် (ဧပြီလ ၂၅ ရက်) က နှစ်ပတ်လည်ညစာစားပွဲ၌ ထရန့်ကို လုပ်ကြံရန် ကြိုးပမ်းမှုဖြင့် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်အပြီး သမ္မတ ၏လုံခြုံရေးအစီအမံများနှင့် ပတ် သက်၍ မေးခွန်းထုတ်စရာများ ထပ်မံထွက်ပေါ်လာစေခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN