

(ပြည်တွင်း)၁၈
ဗြိတိသျှကိုလိုနီခေတ်တွင် ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုခဲ့ကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရက္ခိုင်လူမျိုးများနှင့် အပြစ်မဲ့အရပ်သားများအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် အောက်မေ့သတိရကြောင်း Arakan American Community (AAC) က မေလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
Arakan American Community (AAC) ၏ ထုတ်ပြန်ချက်အရ ၁၉၄၂ ခုနှစ်မေလ ၁၃ရက်တွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး ပျက်ပြားခဲ့ချိန်အတွင်း လက်နက်ကိုင် မူဆလင်အုပ်စုများ၏ တိုက်ခိုက်မှုများကြောင့် ရခိုင်လူမျိုးများအပါအဝင် ဒေသခံအရပ်သား ၃၀,၀၀၀ ခန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်ဟု ဖော်ပြထားပြီး ရခိုင်ကျေးရွာပေါင်း ၂,၀၃၀ ကျော်မှာ ဖျက်ဆီးခံရခြင်း၊ သိမ်းပိုက်ခံရခြင်းများ ဖြစ်ပွားခဲ့သည့်အပြင် အမျိုးသမီးများအပေါ် မုဒိမ်းကျင့်မှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများနှင့် ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံရမှုများအပါအဝင် လူမဆန်သည့် အကြမ်းဖက်မှုများ ကျူးလွန်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်ကိုင် မူဆလင် ပြည်သူ့စစ်များ၊ အစွန်းရောက်အုပ်စုများနှင့် နောက်ပိုင်း ပေါ်ပေါက်လာသည့် မူဂျာဟစ် လှုပ်ရှားမှုများသည် ရခိုင်မြောက်ပိုင်းရှိ ရခိုင်မျိုးနွယ်စုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်မှုများ၊ ကျေးရွာမီးရှို့ဖျက်ဆီးမှုများနှင့် အတင်းအဓမ္မ နေရပ်စွန့်ခွာစေခိုင်းမှုများကို ကျူးလွန်ခဲ့သည်ဟု သမိုင်းဝင်မှတ်တမ်းများနှင့် သက်သေထွက်ဆိုချက်များအရ သိရကြောင်း AAC က ဖော်ပြထားသည်။
၎င်း ဖြစ်ရပ်များသည် ဗြိတိသျှကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး မူဝါဒများနှင့် လူမျိုးစုများအား လက်နက်တပ်ဆင်ပေးခဲ့သည့် မူဝါဒများကြောင့် ပိုမိုဆိုးရွားလာခဲ့ကြောင်း AAC က ထောက်ပြထားသည်။
ထို့အပြင် ၁၉၄၂ ခုနှစ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ရခိုင်လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးရေးအကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း AAC အနေဖြင့် ထုတ်ပြန်ထားသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ရက္ခိုင်ပြည်သူများ ကြုံတွေ့ခဲ့ကြရသည့် သမိုင်းဝင်နာကျင်မှုများနှင့် ဆင်းရဲဒုက္ခများကို မျှတစွာ အသိအမှတ်ပြုသင့်ကြောင်း AAC က တိုက်တွန်းထားသည်။
AAC သည် ၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့က အသက်ဆုံးရှုံးခဲ့ရသူများအတွက် တရားမျှတမှု၊ သမိုင်းဝင်အမှန်တရားနှင့် ရခိုင်ပြည်သူများ၏ လူသားဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်းမှ မူဆလင်လူမျိုးများအား ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် အရေးယူပေးရန် မူဆလင်အဖွဲ့အစည်းများက လုပ်ဆောင်နေချိန်မှာ အမေရိကန်ရောက် ရခိုင်အဖွဲ့ဖြစ်သည့် AAC အဖွဲ့မှလည်း ယခုလို တန်ပြန်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။