
(မိုး/ဇလ) မေ ၁၅
ရန်ကုန်မြို့အတွင်း ဝန်းကျင်လေထုအရည်အသွေးကို တိုင်းတာစောင့်ကြည့်လျက်ရှိရာ နေရာ (၃) ခုတွင် တိုင်းတာစက်များအသုံးပြု၍ နေ့စဉ် လေ့လာဆန်းစစ်နေကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့အတွင်း Ambient Air Quality Monitoring Station with Mobile Car (AQMS Mobile Car) နှင့် Compact Air Quality Monitoring Station (AQM 65) စက်များကို အသုံးပြုကာ တိုင်းတာမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထိုသို့ တိုင်းတာရာတွင် Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီပတ်လုံး ပုံမှန်တိုင်းတာလျက်ရှိကြောင်း သိရသည်။
ထို့အပြင် လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေများအပြင် မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှုနှင့် စက်ရုံများမှ ထုတ်လွှတ်သော အခိုးအငွေ့များ စသည့် အချက်များအပေါ် မူတည်၍ လေထုအရည်အသွေး ရလဒ်များ ပြောင်းလဲနိုင်ကြောင်း သုံးသပ်ထားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထိုသို့ စဉ်ဆက်မပြတ် တိုင်းတာလေ့လာခြင်းဖြင့် ပြည်သူများအတွက် လေထုအရည်အသွေးဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။