ကျောက်တန်းမြို့နယ်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ဖွံ့ဖြိုးရေးလိုအပ်ချက်များ ညှိနှိုင်းဆွေးနွေး

(ပြည်တွင်း) မေ ၁၁

ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဒေါ်အေးမင်းမိုးနှင့် အမှတ် (၂) ဦးမျိုးမြင့်တို့သည် မြို့နယ်ကျေးလက်ဦးစီးဌာနမှူး ဦးထွန်းဝင်းလတ်နှင့်အတူ မင်္ဂလွန်း၊ ဇွဲဂနာ၊ ကမာကလုတ်၊ ကွနှီး၊ ဇွဲဘာကုန်းတန်းနှင့် ခနောင် ကျေးရွာများသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုများအတွင်း ဒေသခံပြည်သူများက ကျေးရွာရေကန်များအတွက် ခြံစည်းရိုးခတ်ရေးနှင့် ရေပေးဝေရေးစနစ် တိုးတက်စေရေး၊ ကျေးရွာတွင်းလမ်းများ ပြုပြင်ခြင်းနှင့် လမ်းခင်းခြင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ရေးတို့ကို တင်ပြခဲ့ကြသည်။

ထို့ပြင် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန် ချောင်းတူးဖော်ရေး၊ ရေထိန်းနံရံတည်ဆောက်ရေး၊ ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမ လိုအပ်ချက်များ ပြည့်မီရေး၊ လျှပ်စစ်မီးသွယ်တန်းရေးနှင့် တောင်သူလယ်သမားများ၏ မိုးစပါးစိုက်ပျိုးချိန်အမီ စက်သုံးဆီလိုအပ်ချက်များကိုလည်း တင်ပြဆွေးနွေးခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

#PAN