ပြည်သူများအတွက် လုံခြုံစိတ်ချရသော အစားအသောက်များ ရရှိသုံးစွဲနိုင်ရေးကို အလေးထား ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး မှာကြား

(ကျန်းမာရေး) မေ ၁၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်သူများအတွက် လုံခြုံစိတ်ချရသော အစားအသောက်များ ရရှိသုံးစွဲနိုင်ရေးကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဓာတ်ခွဲခန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး (တောင်ကြီး) လူနာလက်ခံကြိုဆိုရေးဌာနတွင် Software ဖြင့် လူနာစာရင်းသွင်းမှု လုပ်ငန်းစဉ်များ၊ လူနာများအား ကုသပေးနေမှုများနှင့် တောင်ကြီးမြို့ သားဖွားသင်တန်းကျောင်း၌ လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ တောင်ကြီးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကုသရေးဝန်ထမ်းများကို တွေ့ဆုံ၍ မိုးရာသီတွင် ဖြစ်ပေါ်နိုင်သော ကူးစက်ရောဂါများ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှု တိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ကလောမြို့နယ် ဟဲဟိုးတိုက်နယ်ဆေးရုံ၊ သရက်ပုကျေးလက်ကျန်းမာရေးဌာနနှင့် ဝက်ဖြူရေ ကျေးလက်ကျန်းမာရေးဌာနခွဲတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး AHA Centre မှ လှူဒါန်းထားသည့် အဆောက်အအုံများကိုလည်း လှည့်လည်ကြည့်ရှုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိရောက်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

#PAN