မော်လမြိုင်ကျွန်းတွင် မော်ကျွန်း–ကျုံမငေးလမ်းပိုင်း ဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှု

(ပြည်တွင်း) မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၅) နယ်မြေအတွင်းရှိ မယ်ဇလီပုသိမ်စုကျေးရွာအုပ်စုမှ သပြေချောင်း၊ မှန်ကူ၊ တံခွန်တိုင်ကြီး၊ ထီတိုလို စသည့်ကျေးရွာများကို ဆက်သွယ်ထားသည့် မော်ကျွန်း–ကျုံမငေး လမ်းပိုင်း ဖွံ့ဖြိုးရေးအခြေအနေများကို ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းလေ့လာမှုအတွင်း ဆရာတော်များနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို နားထောင်ခဲ့ကြပြီး လမ်းဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆွေးနွေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လိုအပ်သည့်လုပ်ငန်းများကို လွှတ်တော်သို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါကွင်းဆင်းလေ့လာမှုသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးအောင်ဇော်လှိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဆောက်လုပ်ရေး–လမ်းဦးစီးအရာရှိ AE ဒေါ်အံသူဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအဖွဲ့မှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဒေသခံပြည်သူများ၏ သိရှိလိုသည့်အကြောင်းအရာများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#PAN