သမ္မတထရန့်၏ ကြားဝင်စေ့စပ်မှု အောင်မြင် – ရုရှားနှင့် ယူကရိန်း သုံးရက်ကြာ အပစ်ရပ်စဲရန်နှင့် အကျဉ်းသားလဲလှယ်ရန် သဘောတူ

(နိုင်ငံတကာ)မေ ၉

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်မှုကြောင့် လေးနှစ်ကျော်ကြာ ဖြစ် ပွားနေသည့် ရုရှား-ယူကရိန်းစစ်ပွဲတွင် မေလ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ အပစ်ရပ်စဲရန် နှစ်ဖက်ခေါင်းဆောင်များက သဘောတူညီလိုက်ကြပြီ ဖြစ် သည်။

​     သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ဤအပစ်ရပ်စဲမှုကို သောကြာနေ့က ကြေညာခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် ရုရှားသမ္မတ ၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်တို့ကလည်း အဆိုပါသဘောတူညီချက်ကို အသီးသီးအတည်ပြုခဲ့ကြသည်။ ထရန့်က ဤသည်မှာ “အလွန်ရှည်လျားပြီး သေကြေပျက်စီးမှုများပြားသည့် စစ်ပွဲကြီး၏ အဆုံး သတ်အစပျိုးမှု” ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

​     ယခုအပစ်ရပ်စဲရေး သဘောတူညီချက်တွင် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းထားရန်သာမက၊ နှစ်နိုင်ငံအကြား အကျဉ်းသား ၁,၀၀၀ စီကို အပြန် အလှန်လဲလှယ်ရန်လည်း ပါဝင်သည်။ သမ္မတ ဇလန်းစကီးက “ကျွန်တော်တို့အတွက်တော့ ရုရှားရဲ့ အောင်ပွဲနေ့အခမ်းအနားထက် ယူကရိန်းအကျဉ်းသားတွေ အိမ်ပြန်ရောက်ဖို့က ပိုအရေးကြီးပါတယ်” ဟု ဆိုကာ အကျဉ်းသားလဲလှယ်ရေးကို အလေး ထားပြောကြားခဲ့သည်။

​     မေလ ၉ ရက်သည် ရုရှားနိုင်ငံ၏ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့(Victory Day) ဖြစ်ပြီး၊ ထရန့်က ယူကရိန်းသည်လည်း ထိုစစ်ပွဲတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် နှစ်နိုင်ငံလုံးအတွက် အမှတ် တရနေ့ဖြစ် ကြောင်း ထောက်ပြခဲ့သည်။ ယူကရိန်းဘက်ကလည်း အပစ်ရပ်စဲထားစဉ်အတွင်း ရုရှား၏ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကျင်းပရာ ရင်ပြင်နီ (Red Square)ကို တိုက် ခိုက်မည်မဟုတ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

     အမေရိကန်အစိုးရ၏ ကြားဝင်စေ့စပ်မှုသည် စစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် သိသာထင်ရှားသော တိုးတက်မှုတစ်ခုဖြစ်ပြီး၊ နှစ်ဖက်စလုံးက အပစ်ရပ်စဲရေးစည်းကမ်းများကို လိုက်နာရန် အမေရိကန်က ဆက်လက်စောင့်ကြည့်သွားမည် ဖြစ် သည်။

     ထရန့်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအား သူ ၏အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ထားရှိခဲ့ပြီး၊ ရာထူးသို့ ပြန် လည်ရောက်ရှိပြီး ၂၄ နာရီအတွင်း ပဋိပက္ခကို အဆုံးသတ်နိုင်သည်ဟုပင် ကြွားဝါပြောဆိုခဲ့သည်။

     သို့သော်လည်း တစ်နှစ်ခွဲနီးပါး ကြာမြင့်လာသည့်တိုင် ဝါရှင်တန်အနေဖြင့် ထူးခြားသော တိုးတက်မှုရရှိရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ ပူတင်အနေဖြင့်လည်း ၎င်း၏ စစ်အင် အားကြီးမားမှုကြောင့် ရုရှားကသာ နောက်ဆုံးတွင် အနိုင်ရမည်ဟု ယုံကြည်နေပုံရပြီး၊ လက်ရှိဖြစ်ပွားနေသော “အင်အားချင်းယှဉ်၍ အကြိတ် အနယ်တိုက်ရသည့်စစ်ပွဲ” ကို အဆုံးသတ်ရန် စိတ်အားထက်သန်မှု မရှိသလောက်ပင် ဖြစ်နေသည်။

     ရပ်တန့်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်နောက်ဆုံးကြုံတွေ့နေရသည့် အခက်အခဲမှာ ယူကရိန်းအရှေ့ပိုင်း ဒိုးနက်(Donetsk) ဒေသဖြစ်ပြီး၊ ထိုဒေသ ၏ လေးပုံသုံးပုံခန့်ကို ရုရှားက ထိန်းချုပ်ထားသည်။ ရုရှားတပ်များ သိမ်းပိုက်ရန် ပျက်ကွက်နေသေးသည့် အဆိုပါဒေသရှိ အချို့အစိတ်အပိုင်းများမှ ယူကရိန်းတပ်များ ရုပ်သိမ်းပေးရန် မော်စကိုက တောင်းဆိုထားသော်လည်း၊ ယူကရိန်းဘက်ကမူ ၎င်းတို့ထိန်းချုပ်ထားဆဲ နယ်မြေများကို စွန့်လွှတ်မည်မဟုတ်ကြောင်း ငြင်းဆိုထားသည်။

     မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်တွင်မဆို ယူကရိန်းပိုင်နက်နယ်မြေများကို အရှုံးပေးစွန့်လွှတ်ရမည်ဟူသော အယူအဆကို ဇလန်းစကီးက ထပ်ဖန်တလဲလဲ ပယ်ချခဲ့သည်။ သို့သော်လည်း လေးနှစ်ကျော်ကြာလာပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရယူလိုပါက ယူကရိန်းအနေဖြင့် နောက်ဆုံးတွင် အခြားရွေးချယ်စရာ လမ်းစမရှိဖြစ် လာနိုင်ကြောင်း ထရန့်နှင့် ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလက်ရှ်ကို(Vitali Klitschko)တို့က ယခင်က အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။

​#Trump #Zelenskyy #Putin #RussiaUkraineWar #Ceasefire #VictoryDay #PrisonerSwap #BreakingNews #PositiveAngleNews #GlobalNews #PeaceTalks

Telegram»…
https://t.me/positiveanglenews

#PAN