တူရကီက တိုက်ချင်းပစ် ဘဲလစ်စတစ်ဒုံးကျည် (ICBM) ပုံစံတူကို ထုတ်ဖော်ပြသကာ ဒေသတွင်းကာကွယ်ရေး အဆင့်အတန်းကို မြှင့်တင်

(နိုင်ငံတကာ)မေ ၇

    ​​တူရကီနိုင်ငံသည် ၎င်း၏ ကာကွယ်ရေးကဏ္ဍတွင် မိမိကိုယ်ကိုယ် အားကိုးနိုင်ရေးနှင့် ကမ္ဘာ့အဆင့်မီ စစ်အင်အား ပြသနိုင်ရေးအတွက် “ယီလ်ဒရင်ဟန်” (Yildirimhan) ဟု အမည်ပေးထားသည့် တိုက်ချင်းပစ် ဘဲလစ်စတစ်ဒုံးကျည် (ICBM) ပုံစံတူကို အစ္စတန်ဘူလ်မြို့တွင် ကျင်းပသည့် SAHA 2026 ပြပွဲ၌ ထုတ်ဖော်ပြသလိုက်သည်။

     တူရကီဘာသာဖြင့် “လျှပ်စီး” ဟု အဓိပ္ပာယ်ရသည့် ဤဒုံးကျည်သည် ကီလိုမီတာ ၆,၀၀၀ (၃,၂၇၈ မိုင်) အထိ ပစ် ခတ်နိုင်စွမ်းရှိပြီး ဥရောပ၊ အာဖရိကနှင့် အာရှတစ်လွှားရှိ ပစ်မှတ်များကို ထိမှန်နိုင်သည့် အကွာအဝေးဖြစ်သည်။ အသံထက် ၂၅ ဆ မြန်သည့်နှုန်း (Mach 25) ဖြင့် ပျံသန်းနိုင်ကာ ဒုံးကျည်ထိပ်ဖူး အလေးချိန် ၃,၀၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်သော စွမ်းရည်ရှိသည်။

​     တူရကီ၏ ဤခြေလှမ်းမှာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ် သည်။ တူရကီ ကာကွယ်ရေးဝန်ကြီး ယာရှာဂူလာက “ဒီခေတ်ကာလမှာ တူရကီအနေနဲ့ မဟာမိတ်တွေကို လက်နက်တင်မကဘဲ နည်းပညာနဲ့ ရေရှည်တည်တံ့တဲ့ လုံခြုံရေးကိုပါ ကမ်းလှမ်းနေတာပါ” ဟု ပြောကြားခဲ့သည်။ ဤ ICBM ထုတ်လုပ်မှုသည် အမေရိကန်နှင့် အနောက်အုပ်စုအပေါ် ကာကွယ်ရေးပစ္စည်း မှီခိုနေရမှုကို လျှော့ချရန်နှင့် မိမိကိုယ်ပိုင် ဟန့်တားမှုစွမ်း အား (Sovereign Deterrence) တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

​     နေတိုးအဖွဲ့အတွင်း ဒုတိယအင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားသည့် တူရကီသည် ၂၀၃၅ ခုနှစ်တွင် ၎င်း၏ GDP ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုရန် ကတိပြုထားသည်။ ဘိုင်ရတ်တာ (Bayraktar) ဒရုန်းများဖြင့် ကမ္ဘာ့လက်နက်စျေးကွက်တွင် အောင်မြင်မှုရနေသည့် တူရကီသည် ယခု ICBM အဆင့် နည်းပညာကိုပါ ထုတ်ဖော်ပြသခြင်းဖြင့် ၎င်းကိုယ်သူ ကမ္ဘာ့ဇာတ်ခုံတွင် အရေးပါသည့် အင်အားကြီးနိုင်ငံအဖြစ် သတ် မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

     ပညာရှင်များကမူ ယခုပြသမှုသည် လက်တွေ့အသုံးချနိုင်သည့် အဆင့်ထက် တူရကီ၏ နည်းပညာစွမ်းဆောင်ရည်နှင့် ရည်မှန်းချက်ကို ကမ္ဘာသို့ ကြေညာလိုက်သည့် သတင်း စကားအဖြစ် ရှုမြင်နေကြသည်။

​#Turkey #ICBM #Yildirimhan #DefenseIndustry #Erdogan #NATO #SAHA2026 #BreakingNews #PositiveAngleNews #MilitaryPower

Telegram»…
https://t.me/positiveanglenews

#PAN