နောင်ချိုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

(ပြည်တွင်း) မေ ၅

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်ရုံးတွင် ၂၀၂၆ ခုနှစ် မေ ၅ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်အောင်သန်း၊ ဦးသီဟလှိုင်တို့နှင့်အတူ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ချို၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိန်ကြီး၊ ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းများနှင့် ရပ်ကွက်နှင့် ကျေးရွာပါတီဥက္ကဋ္ဌများ စုစုပေါင်း လူဦးရေ ၃၇ ဦး တက်ရောက်ခဲ့ကြသည်။

ဆိုင်းဘုတ်တင်ဖွင့်ပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက အမွှေးနံ့သာများ ပက်ဖြန်းကာ ရုံးဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လောင်းကစားပပျောက်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လမ်းတံတားနှင့် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြသည်။

ထို့ပြင် အစိုးရ၏ ရက် ၁၀၀ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားအတွင်း လွှတ်တော်ကိုယ်စားလှယ်များက တတိယအကြိမ် လွှတ်တော်အစည်းအဝေးများတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကိုလည်း ရှင်းလင်းမျှဝေခဲ့ကြောင်း သိရှိရသည်။