(ပြည်တွင်း) မေ ၄
၂၀၂၆ ခုနှစ် မေ ၃ ရက်တွင် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အလှူရှင်များမှ ပူးပေါင်း၍ တန်ဖိုးငွေ သိန်း (၂၀) ခန့်ရှိသော ဆပ်ပြာမှုန့်၊ ဆေးဝါးများနှင့် အထွေထွေလူသုံးကုန်ပစ္စည်းများကို ဒေသခံပြည်သူများထံ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုအတွင်း နားဟီးကျေးရွာအုပ်စုရှိ အရှေ့ကာလကျေးရွာမှ နေရပ်ပြန် အိမ်ထောင်စု (၁၆)စု အပါအဝင် စုစုပေါင်း အိမ်ထောင်စု (၆၆)စု၊ လူဦးရေ (၂၄၈) ဦးအားလည်းကောင်း၊ လွယ်စေတီကျေးရွာရှိ အိမ်ထောင်စု (၉၉)စု၊ လူဦးရေ (၄၈၉) ဦးအားလည်းကောင်း လှူဒါန်းခဲ့သည်။

ထို့အပြင် မိုးဗြဲကျေးရွာအုပ်စုအတွင်းရှိ ဆီးမီးလော့၊ ဒေါပေါ်ကူ၊ ကဖု၊ လယ်ထွန်း၊ ကန်းကျိုင်းနှင့် ကျွန်းကုန်းကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၆)စု၊ လူဦးရေ (၂၃၈) ဦးတို့အားလည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် ဖယ်ခုံမြို့နယ် လဝကမှူး ဒေါ်နန်းအေးထူး၊ မိုးဗြဲအသွင်ပြောင်းပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးကိုနှင့် အဖွဲ့ဝင်များ၊ စကခ (၇) ဆေးဝါးအဖွဲ့မှ ဆရာဝန် ဗိုလ်ကြီး ဉာဏ်လင်းအောင်နှင့် PNO အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကူညီခဲ့ကြသည်။
ထို့ပြင် ဆရာဝန် ဗိုလ်ကြီး ဉာဏ်လင်းအောင်မှ ဒေသခံပြည်သူများအား လိုအပ်သော ဆေးဝါးကုသမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#PAN