(ပြည်တွင်း) မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟနှင့် ကေခိုင်ဦးကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးမြင့်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာများ ပက်ဖျန်း၍ ရုံးသစ်ကို စတင်ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အုပ်ချုပ်ရေးမှူးရုံးသစ် ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြသန်းကလည်း ရုံးသစ်ဖွင့်ပွဲတွင် ပါဝင်တက်ရောက်ရသည့်အတွက် ဂုဏ်ယူကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရုံးသစ်သည် အလျား ၅၀ ပေ၊ အနံ ၂၄ ပေရှိ RC တစ်ထပ်အဆောက်အအုံဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ငွေကျပ်သိန်း (၂၃၀) ဖြင့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
#PAN