(ပြည်တွင်း) မေ ၄
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ အခမ်းအနားကို မေ ၄ ရက် နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပါတီခေါင်းဆောင်များ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ နံနက် ၁၀ နာရီတွင် ရသဝတီခန်းမ၌ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ (၃၂၀) ဦးတို့နှင့် တွေ့ဆုံခဲ့ကြပြီး မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ရပ်စောက်မြို့နယ်၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူများမှ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
#PAN