
(ပြည်တွင်း) ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု ချောင်းဝကျေးရွာတွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက် ညနေ ၃ နာရီတွင် ကျင်းပခဲ့ပြီး အိမ်ထောင်စု ၇၀ မှ လူဦးရေစုစုပေါင်း ၃၄၇ ဦးအား အရေးပေါ်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်နှင့် ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမောင်မောင်ဝင်းတို့ တက်ရောက်ကာ မီးဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်မှုတွင် အိမ်ရာပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ ၇၀ မှ မိသားစုများအတွက် အခြေခံအသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပါဝင်ပြီး မီးဘေးကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများ၏ လက်ရှိလိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများကို ယာယီနေထိုင်နိုင်ရန် အဆိုပါကျေးရွာရှိ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများက နေ့လယ်စာနှင့် ညနေစာများကို ထမင်းထုပ်များအဖြစ် နေ့စဉ်ဖြန့်ဝေပေးလျက်ရှိသည်။
ထို့အပြင် ကျန်းမာရေးအခြေအနေများအတွက် ဆေးကုသနိုင်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့ကို စခန်းအတွင်း နီးကပ်စွာ ချထားကာ လိုအပ်သလို ဆေးဝါးပေးကုသလျက်ရှိကြောင်း သိရသည်။
တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများကို နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် အခြေခံ၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများအား ပူးပေါင်းကူညီဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။