ပခုက္ကူတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူတွေ့ဆုံဒေသဖွံ့ဖြိုးရေးနှင့် အစိုးရ ၁၀၀ ရက်စီမံကိန်းများ ရှင်းလင်း

(ပြည်တွင်း) ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံမိဘပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့် အစိုးရ၏ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်မည့် စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးက လွှတ်တော်အတွေ့အကြုံများကို မျှဝေရှင်းလင်းခဲ့ပြီး အစိုးရ၏ အချိန်တိုအတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်း အသေးစိတ်တင်ပြခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ဆောင်ချက်များကို ထပ်မံရှင်းလင်းဆွေးနွေးခဲ့သည်။

“ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများ၏ အကြံပြုချက်များသည် အရေးကြီးပြီး လက်တွေ့အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်” ဟု ဒေသခံတစ်ဦးက တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အခမ်းအနားအတွင်း မြို့ပေါ် ရပ်ကွက် ၁၅ ခုမှ တက်ရောက်လာသည့် မိဘပြည်သူများက ဒေသတွင်း လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ညှိနှိုင်း ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါနေ့ နံနက် ၇ နာရီ ၄၇ မိနစ်တွင်လည်း ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး၌ လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်တင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

အခမ်းအနားသို့ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦး၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစန်းမြင့်နှင့် ပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။