FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေး ကို အမေရိကန်တရားရေးဌာနက သမ္မတထရန့်အား လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်းခြောက်မှုဖြင့် ထပ်မံတရားစွဲဆို

(နိုင်ငံတကာ)ဧပြီ ၂၉

     ​အမေရိကန် FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေး (James Comey) သည် သမ္မတ ဒေါ်နယ်ထရန့်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် သတင်း စကားများ ဖြန့်ဝေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်တရားရေးဌာန၏ ထပ်မံတရားစွဲဆိုခြင်းကို ခံလိုက်ရသည်။

​     ယခုတရားစွဲဆိုမှုမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ကိုမေး တင်ခဲ့သည့် လူမှုကွန်ရက် ပို့စ်တစ်ခုကြောင့် ဖြစ် သည်။ အဆိုပါပို့စ်တွင် ကမ်းခြေတစ်ခု၌ ကန့်လန့်ကာခွံ (Seashells) များဖြင့် “86 47” ဟူသော ဂဏန်းပုံဖော်ထားသည့် ဓာတ်ပုံတစ်ပုံ ပါဝင်သည်။ “86” ဟူသော အသုံးအနှုန်းမှာ စားသောက်ဆိုင်လုပ်ငန်းသုံး စကားရပ်အရ ဖယ်ရှားပစ်ခြင်းဟု အဓိပ္ပာယ်ရသော်လည်း အချို့က “သတ်ဖြတ်ခြင်း” ဟု အဓိပ္ပာယ်ကောက်ယူကြပြီး “47” မှာ လက်ရှိ (၄၇) ဆက်မြောက် သမ္မတ ဒေါ်နယ်ထရန့်ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု တရားရေးဌာနက ဆိုသည်။

​     စွဲချက် (၂) ခုပါဝင်သော တရားစွဲဆိုမှုတွင် ကိုမေး သည် သမ္မတ၏ “အသက်ကို ရန်ရှာရန်နှင့် ကိုယ်ခန္ဓာကို ထိခိုက်နာကျင်စေရန်” သိလျက်နှင့် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် လည်း ကိုမေးဘက်ကမူ ဤဂဏန်းများသည် အကြမ်း ဖက်မှုနှင့် ဆက်စပ်နေသည်ကို မသိရှိခဲ့ကြောင်းနှင့် မည်သည့်အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်ကြောင်း ပြောကြားကာ ပို့စ်ကို ပြန်လည်ဖြုတ်ချခဲ့ပြီး ဖြစ် သည်။

​     ပြီးခဲ့သည့်နှစ်တွင်လည်း ကိုမေးကို လွှတ်တော်၌ လိမ်လည်ထွက်ဆိုမှုဖြင့် တရားစွဲဆိုခဲ့ဖူးသော်လည်း အမှုမှာ ပျက်ပြယ်သွားခဲ့သည်။ ယခုတစ်ကြိမ် တရား စွဲဆိုမှုသည် သမ္မတထရန့်က ၎င်း၏ နိုင်ငံရေးပြိုင် ဘက်များကို တရားစွဲဆိုရန် တရားရေးဌာနအပေါ် ဖိအားပေးမှုများ ရှိနေသည့်ကာလအတွင်း ထွက်ပေါ် လာခြင်းလည်း ဖြစ်သည်။

     ကိုမေးအပြင် CIA ညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရန်နန်ကိုလည်း တရားရေးဌာနက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး၊ အဆိုပါ အဆင့်မြင့်အရာရှိဟောင်းများကမူ ၎င်းတို့တွင် အပြစ်မရှိကြောင်း အသီးသီး ငြင်းဆိုထားကြသည်။

​#JamesComey #FBI #Trump #JusticeDepartment #Lawsuit #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN