(ပြည်တွင်း) ဧပြီ ၂၉
ကွမ်းခြံကုန်းမြို့နယ်၌ အစိုးရ၏ ရက်(၁၀၀) စီမံချက်အရ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် လက်ခုပ်ကုန်းကျေးရွာ ကိုးဆူဘုရားဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး လူငယ်များ၏ ဦးဆောင်မှုအရည်အသွေး မြှင့်တင်ရေးနှင့် လူမှုရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ထားကြောင်း သိရသည်။
အခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာအထောက်အကူပြု ဆရာဝန်များက အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာများ ဟောပြောခဲ့ကြသည်။
ထို့ပြင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတမေးခွန်းများကို အပြန်အလှန် မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တာဝန်ရှိသူများနှင့်အတူ ကျေးရွာ (၉) ရွာမှ ပြည်သူ (၃၀၀) ခန့် တက်ရောက်ကြောင်း သိရသည်။





#PAN