Chin World,KHONUMTHUNG MEDIA GROUPနှင့်မျက်မှောက်ခေတ် (Nowadays News)တို့ကို သတင်းအေဂျင်စီလုပ်ငန်းများ ပိတ်သိမ်း

(ပြည်တွင်း) ဧပြီ ၂၄

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး ဥပဒေချိုးဖောက်မှုတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်များနှင့် မကိုက်ညီသည့် အကြောင်းအရာများကို ထုတ်ဝေခဲ့သည်ဟု ခိုင်လုံသော အထောက်အထားများဖြင့် သတင်းပေးပို့လာမှုများကို လက်ခံရရှိပါက သို့မဟုတ် ကိုယ်တိုင် သိရှိပါက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်များအရ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူများဖြစ်သည့် ဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်းထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ် (Nowadays News) သတင်းအေဂျင်စီတို့သည် ဥပဒေပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက်စေသည့် အကြောင်းအရာများ ရေးသားထုတ်လွှင့်ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် အဆိုပါ သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင်၍ ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ကြေညာထားသည်။

အဆိုပါ သတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစား မည်သည့်အမျိုးအစားကိုမဆို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်း မပြုရန်လည်း အသိပေးကြေညာထားသည်။