ရက်(၁၀၀)စီမံချက်များ ရှင်းလင်းဆွေးနွေးပွဲ ပုသိမ်တွင် ကျင်းပ


(ပြည်တွင်း) ဧပြီ ၂၃


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် နိုင်ငံတော်သမ္မတ၏ ရက်(၁၀၀)စီမံချက်အား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစပိုင်းတွင် တက်ရောက်သူများက တစ်ဦးချင်း မိတ်ဆက်တင်ပြခဲ့ကြသည်။


ထို့နောက် ဝန်ကြီးချုပ် ဦးအေးကျော်က အမှာစကားပြောကြားရာတွင် လက်ရှိကာလသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အသီးသီး ဖြစ်တည်လာခဲ့ကြောင်း ပြောကြားခဲ့သည်။


ထို့အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ ပြန်လည်ပေါ်ထွန်းလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ၏ ရက်ပေါင်း (၁၀၀) စီမံချက်များနှင့် တိုင်းဒေသကြီး၏ ရက်(၁၀၀) စီမံချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် နိုင်ငံတော်မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ငါးနှစ်တာကာလအတွင်း တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကဏ္ဍပေါင်းစုံ အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူမှ ရွေးချယ်ထားသော ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒကို အလေးထား၍ မှန်ကန်မြန်ဆန်သော ဝန်ဆောင်မှုများ ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် အဂတိလိုက်စားမှု ကင်းစင်ရေးကို အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ကဏ္ဍအလိုက် လမ်းညွှန်ချက်များအဖြစ် ပညာရေးကဏ္ဍတွင် ၂၀၂၆-၂၀၂၇ ပညာရေးနှစ်၌ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးနှင့် ပညာရေးစဉ်ဆက်မပြတ်ရေးကို အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးရေးကဏ္ဍတွင် တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးအဓိကဒေသဖြစ်သဖြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး၍ စားသုံးဆီဖူလုံရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။


ထို့ပြင် ကျန်းမာရေးကဏ္ဍတွင် ကျေးလက်နှင့် မြို့ပြမခွဲခြားဘဲ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ပေးဆောင်ရေး၊ အားကစားကဏ္ဍတွင် လူငယ်များအတွက် အားကစားကွင်းများ ဖန်တီးပေးခြင်းနှင့် အဆင့်လိုက်ပြိုင်ပွဲများ ကျင်းပ၍ ထူးချွန်သူများ ဖော်ထုတ်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့သည်။


ထို့အပြင် မှုခင်းကျဆင်းရေးအတွက် မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရန်နှင့် အသိပညာပေး ဟောပြောပွဲများ၊ သတင်းထောက်လှမ်းမှုများ တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။


နောက်ဆုံးတွင် ဌာနဆိုင်ရာများအနေဖြင့် ရုံးအဆောက်အဦများ သန့်ရှင်းသာယာလှပရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများ စံနမူနာပြဖြစ်အောင် ပြုမူနေထိုင်ရန်နှင့် တိုင်းဒေသကြီး၏ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီရင်းအစ်ကိုပမာ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

#PAN