



(ပြည်တွင်း) မတ် ၂
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယနေ့ မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကော်မတီဖွဲ့စည်းရေးဆိုင်ရာ အရေးကြီး အစီအစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးမှ အစည်းအဝေး အထမြောက်ကြောင်း ကြေညာကာ အစည်းအဝေးစတင်ခဲ့ပြီး မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားမှုများကိုလည်း လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့သည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော် နာယကမှ ပေးပို့လာသော ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားတင်ပြကာ မှတ်တမ်းတင်ခဲ့သည်။
ယနေ့အစည်းအဝေးတွင် အဓိကအားဖြင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ နှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတို့၏ ဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။
သထုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးမင်းမြင့်မောင်လေးနှင့် ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးကျော်ဇေယျာမင်းတို့က ကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းသတ်မှတ်ခြင်းတို့နှင့် ပတ်သက်၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့ကြသည်။
အစည်းအဝေးကို အစီအစဉ်များအတိုင်း ဆောင်ရွက်ပြီးနောက် တတိယနေ့အစည်းအဝေးကို ရပ်နားကြောင်း ကြေညာခဲ့ပြီး စတုတ္ထနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကိုလည်း ထုတ်ပြန်ခဲ့သည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် (၉) ဦး၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် (၇) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ နှင့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်တစ်ဦးစီ နှင့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၈) ဦး စုစုပေါင်း (၃၁) ဦးရှိကြောင်းနှင့် ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ် ဦးသက်ထွေး နှင့် ပြည်လွှတ်တော်ဒုဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှပင် ရေးမြို့နယ် ပြည်လွှတ်တော်အမှတ် (၂) ကိုယ်စားလှယ် ဦးမင်းမြင့်မောင်လေး တို့ဖြစ်ကြကြောင်း သိရသည်။