

(ပြည်တွင်း) နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယ-ရွာငံလမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းမြေပြိုမှုဖြစ်ပွားနေသဖြင့် ခရီးသွားများအနေဖြင့် လမ်းလွှဲမှတစ်ဆင့် သွားလာကြရန် ဒေသခံများက အသိပေးထားကြောင်း သိရသည်။
ယမန်နေ့က မိုးဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ပင်းတယ-ရွာငံလမ်း၊ တောင်ပေါ်ကြီးကျေးရွာအကျော် ပင်စိမ်းပင်ကျေးရွာအနီးတွင် ကားလမ်းတစ်ခြမ်းကျော် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းတွင် ကားများ ဖြတ်သန်းသွားလာရန် အခက်အခဲရှိနေသဖြင့် တောင်ပေါ်ကြီး-ရှော်ပင်-လင်းလေအင်း-မဲနယ်တောင်လမ်းကြောင်းမှတစ်ဆင့် လမ်းလွှဲမောင်းနှင်သွားလာကြရန် ဒေသခံများက အသိပေးထားသည်။ ဆိုင်ကယ်များမှာမူ လက်ရှိအခြေအနေတွင် ဖြတ်သန်းသွားလာနိုင်သေးကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ကျုံးရွာဘက်မှတစ်ဆင့်လည်း သွားလာနိုင်ကြောင်း သိရသည်။ယနေ့တွင်လည်း ရှမ်းပြည်နယ်အတွင်း မိုးဆက်လက်ရွာသွန်းနေသဖြင့် ချောင်း၊ မြောင်းများအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ချောင်းရေမြင့်တက်လာမှုကို သတိပြုကြရန်နှင့် တောင်စောင်းများ၊ မြေပြိုနိုင်သည့်နေရာများကို ရှောင်ရှားကြရန် လိုအပ်ကြောင်း သတိပေးထားသည်။