



(ပြည်တွင်း) နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်း၌ လူနေရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများအတွင်း ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ရွှေညောင်မြို့တွင် နိုဝင်ဘာ ၉ ရက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ကုန်းလှိုင်ကန်နှင့် ကျီးဖြူကန်တို့၌ နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ ကန်ရေများ လျှံတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကန်ရေလျှံမှုများကြောင့် ရွှေညောင်မြို့အတွင်းသို့ ရေများဝင်ရောက်လာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရွှေညောင်မြို့ရှိ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်အိမ်ထောင်စုများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး လိုအပ်သည့် စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။