
(နိုင်ငံတကာ) ဧပြီ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကို ရပ်တန့်မည့် အစီ အစဉ်မရှိဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဟု နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားလိုက်ပြီးနောက်၊ ကမ္ဘာ့ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် ၁၀၇ ဒေါ်လာအထက်သို့ တစ်ဟုန်ထိုး မြင့်တက်လာပြီး အာရှစတော့ရှယ်ယာဈေး ကွက်များလည်း အကြီးအကျယ် ထိုးဆင်းသွားခဲ့သည်။
ဗုဒ္ဓဟူးနေ့ညက ပြောကြားခဲ့သည့် သမ္မတ ထရန့်၏ မိန့်ခွန်းတွင် စစ်ပွဲအဆုံးသတ်မည့် တိကျသော အချိန် ဇယား ပါဝင်လာခြင်းမရှိသည့်အတွက် ရင်းနှီးမြှုပ်နှံသူများအကြား လောင်စာဆီပြတ်လပ်မည့်အရေးကို စိုးရိမ်မှုများ ပြင်းထန်လာခဲ့သည်။ ကြာသပတေးနေ့ အစောပိုင်းတွင် Brent ရေနံစိမ်းဈေးနှုန်းမှာ ၆.၃ ရာ ခိုင်နှုန်း (၆.၃၃ ဒေါ်လာ) မြင့်တက်ကာ တစ်စည်လျှင် ၁၀၇.၄၉ ဒေါ်လာ သို့ ရောက်ရှိခဲ့ပြီး၊ အမေရိကန် WTI ရေနံစိမ်းမှာလည်း ၅.၃ ရာခိုင်နှုန်း မြင့်တက်ကာ ၁၀၅.၄၀ ဒေါ်လာ အထိ ရှိလာခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တုံ့ ပြန်သည့်အနေဖြင့် အီရန်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့ထားခြင်းကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ (LNG) ထောက်ပံ့မှု၏ ၅ ပုံ ၁ ပုံခန့် (၂၀ ရာခိုင်နှုန်း) မှာ ပြတ်တောက်နေဆဲဖြစ် သည်။ ဤအခြေအနေသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးသော ကမ္ဘာ့စွမ်းအင်အကျပ် အတည်းကို ဖြစ်ပေါ်စေခဲ့သည်။

ရေနံတင်သွင်းမှုအပေါ် အဓိကမှီခိုနေရသော အရှေ့ တောင်အာရှနှင့် အာရှနိုင်ငံများ၏ စတော့ဈေးကွက်များမှာ သမ္မတ ထရန့်၏ မိန့်ခွန်းအပြီးတွင် အကြီး အကျယ် ထိခိုက်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ KOSPI ညွှန်းကိန်းမှာ ၄.၂ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့သည်။ စင်ကာပူနှင့် မလေးရှားတို့တွင် စင်ကာပူ SGX မှာ ၀.၈ ရာခိုင်နှုန်းနှင့် မလေးရှားဈေးကွက်မှာ ၁ ရာခိုင်နှုန်းစီ ကျဆင်းခဲ့သည်။ ဟောင်ကောင်တွင် Hang Seng ညွှန်းကိန်း ၁.၁ ရာခိုင်နှုန်းနှင့် ရှန်ဟိုင်းတွင် ညွှန်းကိန်း ၀.၅၃ ရာခိုင်နှုန်းအသီးသီး လျော့ကျခဲ့သည်။
စစ်ပွဲဂယက်ကြောင့် စီးပွားရေးအကျပ်အတည်း ဆိုက်ရောက်နေသဖြင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae-myung) က စီးပွားရေးကို ထောက်ကူရန်အတွက် ဝမ် ၂၆.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၃ ဘီလီယံခန့်) ရှိသော အရေးပေါ် အပိုဆောင်းဘတ်ဂျက်ကို အမြန်ဆုံး အတည်ပြုပေးရန် လွှတ်တော်သို့ တိုက်တွန်းထားသည်။ ၎င်းက လက်ရှိအခြေအနေကို “သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စွမ်းအင်လုံခြုံရေး ခြိမ်းခြောက်မှု” ဟု သတ်မှတ်လိုက်သည်။
သမ္မတ ထရန့် မိန့်ခွန်းမပြောမီတွင် အီရန်က အမေရိကန်ပြည်သူများထံ တိုက်ရိုက်စာပေးပို့ကာ ရန်ငြိုးမရှိကြောင်းနှင့် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာဖြစ် ကြောင်း ပြောကြားခဲ့ခြင်းက ဈေးကွက်ကို ခဏတာ ဦးမော့စေခဲ့သော်လည်း၊ ထရန့်က “စစ်ပွဲကို အပြီး သတ်သည်အထိ တိုက်မည်” ဟု ဆိုလိုက်ခြင်းကြောင့် ဈေး ကွက်အတွင်း မရေရာမှုများ ပြန်လည်စိုးမိုးလာခဲ့သည်။ သို့သော်လည်း စစ်ပွဲအဆုံးသတ်မည့် လက္ခဏာ တစ်စုံ တစ်ရာ ပြသလာပါက ဈေးကွက်များမှာ အရှိန် အဟုန်နှင့် ပြန်လည်ဦးမော့လာနိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။
#OilPriceCrisis #AsianMarketFall #EnergySecurity #TrumpIranWar #BrentCrude #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN