(မှုခင်း) မတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများ ဖြစ်ပွားနေသည့်အပေါ် လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်ခိုးသူ လေးဦးကို ခိုးယူထားသည့် မော်တော်ဆိုင်ကယ် ၆ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း ဆိုင်ကယ်ခိုးမှုများ တိုးပွားလာခြင်းကြောင့် တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် ငွေတိုးဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုဖြင့် ယခင်က ပြစ်ဒဏ်ကျခဲ့ဖူးသူ ဆောင်းဦး (ခ) သားပုအား မသင်္ကာဖွယ်တွေ့ရှိကာ တရုတ်နိုင်ငံထုတ် Kenbo Click အမျိုးအစား နီ/နက်ရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်စစ်ဆေးရာ ၎င်းနှင့်အတူ ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ခဲ့သူများဖြစ်သည့် ဝေယံထိုက် (ခ) နေမျိုးဦး၊ ကျော်ဇင်ထွေး (ခ) ကပ္ပလီ နှင့် ထက်နိုင်ဆွေ (ခ) ထူးထူးတို့ကို ခိုးယူထားသည့် ဆိုင်ကယ်မျိုးစုံ ၆ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ၄ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး သိမ်းဆည်းရရှိသည့် ဆိုင်ကယ်များကို မူရင်းပိုင်ရှင်များထံ ပြန်လည်အပ်နှံနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
#PAN