ဝန်ကြီးချုပ် ဖရက်ဒရစ်ဆင် ရာထူးမှနုတ်ထွက်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် ခက်ခဲသော ညှိနှိုင်းမှုများ စတင်

(နိုင်ငံတကာ)မတ် ၂၅

    ဝန်ကြီးချုပ် မက်တာ ဖရက်ဒရစ်ဆင် (Mette Frederiksen) ဦးဆောင်သော ဒိန်းမတ်နိုင်ငံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (Social Democrats) သည် ယနေ့ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ပထမနေရာမှ အနိုင်ရရှိခဲ့သော်လည်း၊ ယင်းရလဒ်မှာ နှစ်ပေါင်း ၁၂၀ ကျော်အတွင်း ပါတီ၏ အားအနည်းဆုံး အခြေ အနေဖြစ်ခဲ့ပြီး လက်ဝဲယိမ်းအုပ်စု (left-wing bloc) အနေဖြင့်လည်း အပြတ်အသတ် အနိုင်ရရန် လိုအပ်သည့် အမတ်နေရာအများစုကို ရရှိရန် ပျက် ကွက်ခဲ့သည်။

     ဒိန်းမတ်ပြည်မကြီး၏ မဲအားလုံးကို ရေတွက်ပြီးစီးချိန်တွင် အမတ်နေရာ ၁၇၉ နေရာရှိသော လွှတ်တော်အတွင်း လက်ဝဲအုပ်စုက ၈၄ နေရာနှင့် လက်ယာအုပ်စုက ၇၇ နေရာ အသီးသီး ရရှိထားကြသည်။ အစိုးရဖွဲ့နိုင်ရန်အတွက် အမတ်နေရာ ၉၀ လိုအပ်ခြင်းဖြစ် သည်။

     ဝန်ကြီးချုပ် ဖရက်ဒရစ်ဆင် ဦးဆောင်သော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (Social Democrats) သည် မဲအရေအတွက် ၂၁.၉ ရာခိုင်နှုန်း (အမတ်နေရာ ၃၈ နေရာ) ဖြင့် ပထမနေရာတွင် ရှိနေသော်လည်း ယင်းသည် ၁၉၀၃ ခုနှစ်နောက်ပိုင်း ပါတီ၏ သမိုင်းတစ် လျှောက် အားအနည်းဆုံး ရွေးကောက်ပွဲရလဒ် ဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်က ရရှိခဲ့သော ၅၀ နေရာနှင့် နှိုင်း ယှဉ်ပါက ၁၂ နေရာအထိ လျော့ကျသွားခြင်း ဖြစ် သည်။

     ယခုရွေးကောက်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း လားစ် လော့ကီ ရပ်စမူးဆန် (Lars Løkke Rasmussen) ဦးဆောင်သည့် အလယ်အလတ်ဝါဒီ Moderate ပါတီသည် အမတ်နေရာ ၁၄ နေရာ ရရှိထားသဖြင့် အစိုးရသစ်ဖွဲ့စည်းရေးတွင် အဆုံးအဖြတ်ပေးမည့်သူ (Kingmaker) ဖြစ်လာသည်။

     ၎င်းက နိုင်ငံတော် တည်ငြိမ်ရေးအတွက် အုပ်စုပေါင်းစုံ ပါဝင်သည့် ညွန့်ပေါင်းအစိုးရ (Cross-bloc coalition) ကို မြင်တွေ့လိုကြောင်း ဆိုသည်။ လက်ရှိအစိုးရ၏ ညွန့်ပေါင်းမိတ်ဖက်ဖြစ်သော လစ်ဘရယ်ပါတီ ခေါင်းဆောင် ထရိုးလ် လန်း ပိုလ်ဆင် (Troels Lund Poulsen) ကမူ ဝန်ကြီးချုပ် ဖရက်ဒရစ်ဆင်၏ ဆိုရှယ်ဒီမိုကရက်တစ်ပါတီနှင့် ထပ်မံပူးပေါင်းရန် ဖြစ်နိုင်ခြေကို ပယ်ချခဲ့သည်။

     ယခုရွေးကောက်ပွဲသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို ဝယ်ယူရန် ခြိမ်းခြောက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ပထဝီနိုင်ငံရေး တင်းမာမှုများကြားတွင် ကျင်းပခဲ့ခြင်း ဖြစ် သည်။ ဝန်ကြီးချုပ် ဖရက်ဒရစ်ဆင်သည် ဂရင်းလန်းကိစ္စတွင် ပြတ်သားစွာ ကိုင်တွယ်ပြနိုင်ခဲ့ခြင်းကြောင့် လူထုထောက်ခံမှု ရရှိမည်ဟု မျှော်လင့်ခဲ့သော်လည်း၊ ပြည်တွင်းရှိ ကုန်စျေးနှုန်း မြင့်တက်မှုနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် မဲဆန္ဒရှင်များ၏ ယုံ ကြည်မှု လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။

     ဝန်ကြီးချုပ် ဖရက်ဒရစ်ဆင်သည် အစိုးရသစ်တစ်ရပ် မပေါ်ပေါက်လာမီအထိ ကြားဖြတ်ဝန်ကြီး ချုပ်အဖြစ် ဆက်လက် တာဝန်ယူသွားမည်ဖြစ်သည်။ သူမက “အစိုးရသစ်ဖွဲ့ဖို့ လွယ်ကူမှာမဟုတ်ပေမယ့် နိုင်ငံအတွက် တာဝန်ယူဖို့ အသင့်ရှိနေဆဲပါ” ဟု ပြောကြားခဲ့သည်။ လာမည့် သီတင်းပတ်များအတွင်း ပါတီများအကြား ခက်ခဲသော ညှိနှိုင်းမှုများ ဆက်လက် ဖြစ်ပေါ်လာဖွယ် ရှိနေသည်။

​#PositiveAngleNews #DenmarkElection #MetteFrederiksen #EuropeanPolitics #WorldNews #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN