“တာချီလိတ်တွင် ကျပ် ၂၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး—ထုတ်လုပ်ရေးစခန်းတစ်ခု ဖော်ထုတ်ရရှိ”

(မှုခင်း) မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု ကော့ရားကျေးရွာအနီးတွင် ခန့်မှန်းတန်ဖိုး ကျပ် ၂၀ ဒသမ ၂ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တာချီလိတ်မြို့အနောက်မြောက်ဘက် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စုအတွင်း မသင်္ကာဖွယ် တဲများကို တွေ့ရှိပြီး ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ မူးယစ်ဆေးဝါးထုတ်လုပ်ရေးနှင့် ထုပ်ပိုးရေးစခန်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရှာဖွေစစ်ဆေးမှုအတွင်း အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ မူးယစ်ဆေးဝါးချက်လုပ်နှင့် ထုပ်ပိုးရေး မိုးကာတဲကြီး ၂ လုံးအပါအဝင် အခြားနေထိုင်ရေးနှင့် ထောက်ပံ့ရေး တဲများကို တွေ့ရှိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား (WY) ၆၉ သိန်းပြား၊ အိုက်စ် ၄၉ ကီလိုဂရမ်နီးပါး၊ စိတ်ကြွဆေးမှုန့်များ၊ ကဖင်းအိတ်များနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ စက်ကိရိယာများစွာကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ရိုက်စက်များ၊ မွှေစက်များ၊ ဂတ်စ်အိုးများ၊ မီးစက်များနှင့် ဆက်သွယ်ရေးအတွက် အသုံးပြုနိုင်သည့် Starlink Gen 3 စက်ကိရိယာတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၏ စုစုပေါင်းတန်ဖိုးမှာ ခန့်မှန်းအားဖြင့် ကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့်ရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။

လက်ရှိတွင် သိမ်းဆည်းရမိပစ္စည်းများကို ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဆက်လက်စစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်းနှင့် စနစ်တကျ ဖျက်ဆီးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ယင်းဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ရေးနေရာများ ဆက်လက်ရှိနိုင်သေးကြောင်း ခန့်မှန်းထားသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN