

















(ပြည်တွင်း) မတ် ၁၇
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးမိတ်ဆက်ပွဲကို မတ် ၁၆ ရက်က တိုင်းဒေသကြီး လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမှာကျင်းပရာ တိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ PR စနစ်နှင့်အရွေးကောက်ခံရသည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
မိတ်ဆက်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လွှတ်တော်၏ တာဝန်များဖြစ်တဲ့ ဥပဒေပြုခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်းစသည်တို့ကို အများပြည်သူတို့အား ထိထိရောက်ရောက်အကျိုးခံစားနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊ လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်တဲ့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်ကို ပြည်သူ များက စိတ်ဝင်တစား ပူးပေါင်းလာတာနဲ့အမျှ ပိုမိုအားကောင်းပြီး ထိရောက်သည့် လွှတ်တော်တစ်ရပ်အဖြစ် ဖော်ဆောင်လာနိုင်မှာဖြစ်၍ ပြည်သူများက ယုံကြည်အားထားမှုရှိသည့် လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လုပ်ငန်းဆောင်ရွက်ချက်များ (အနှစ်ချုပ်)၊ လွှတ်တော်ရုံးဆိုင်ရာကိစ္စရပ်များနှင့် ကိုယ်စားလှယ်များ၏ စရိတ်ချီးမြှင့်ငွေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရေး စီမံချက်၊ ပထမပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပမည့်ပုံစံနှင့် ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ပထမပုံမှန်အစည်းအဝေးကို မတ် ၂၀ ရက်တွင် အစီအစဉ် ၁၈ ရပ်ဖြင့် စတင်ကျင်းပသွားမည် ဖြစ်ေကြာင်းသိရသည်။