အီရန်၏ ပိတ်ဆို့မှုကြားတွင် နိုင်ငံများစွာက ဟော်မုဇ်သို့ စစ်သင်္ဘောများ စေလွှတ်မည်ဟု ထရမ့်ပြောကြား

(နိုင်ငံတကာ)မတ် ၁၅

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် စုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဆက်လက်ဖွင့်လှစ်ထားနိုင်ရန်အတွက် “နိုင်ငံအများအပြား” မှ စစ်သင်္ဘောများ စေလွှတ်ကြလိမ့်မည်ဟု ပြောကြားလိုက်သည်။ သို့သော် မည်သည့်နိုင်ငံများ ပါဝင်မည်ဆိုသည့် အသေးစိတ်အချက် အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

     အမေရိကန်-အစ္စရေး မဟာမိတ်တပ်ဖွဲ့များနှင့် အီရန်တို့အကြား စစ်ပွဲဖြစ်ပွားနေသည်မှာ (၁၅)ရက်မြောက်ရှိလာပြီဖြစ်ပြီး၊ လက်ရှိတွင် အဆိုပါ အလွန်အရေးပါသော ရေကြောင်းလမ်းမှာ ထိရောက်စွာ ပိတ်ဆို့ခြင်း ခံထားရစဉ်အတွင်း ယခုကဲ့သို့ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

     သမ္မတထရန့်က ၎င်း၏ပို့စ်တွင် “အထူးသဖြင့် အီရန်၏ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ရန် ကြိုးပမ်းမှုကြောင့် ထိခိုက်နစ်နာနေရသည့် နိုင်ငံများသည် ရေလက်ကြားကြီးကို ဆက်လက်ဖွင့်လှစ်ထားနိုင်ရန်နှင့် ဘေးကင်းလုံခြုံစေရန်အတွက် အမေရိကန်ပြည်ထောင် စုနှင့် ပူးပေါင်း၍ စစ်သင်္ဘောများ စေလွှတ်ကြလိမ့်မည်” ဟု ရေးသားခဲ့သည်။ ၎င်းက ယခုစစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ကူညီကြရန် မျှော်လင့်သည့် နိုင်ငံများအဖြစ် တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ယူနိုက်တက်ကင်းဒမ်း (ဗြိတိန်) တို့ကို အမည်တပ်၍ ဖော်ပြခဲ့သည်။

​     ထို့အပြင် ထရန့်က “အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်၏ စစ်ရေးစွမ်းဆောင်ရည် ၁၀၀ ရာခိုင် နှုန်းကို ဖျက်ဆီးပစ်ခဲ့ပြီးဖြစ်သည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် တစ်ဆက်တည်းမှာပင် အီရန်အနေဖြင့် ရေကြောင်းလမ်းတစ်လျှောက်တွင် “ဒရုန်း တစ်စင်းနှစ်စင်း စေလွှတ်ခြင်း၊ ရေမိုင်း ထောင်ခြင်း သို့မဟုတ် အကွာအဝေးတို ပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်း” တို့ကို လုပ်ဆောင်နိုင်စွမ်း ရှိနေသေးသည်ဟု ဝန်ခံခဲ့သည်။

​     ၎င်းက ဆက်လက်၍ “ထိုအတောအတွင်း အမေရိကန်သည် (အီရန်၏) ကမ်းခြေတစ်လျှောက်ကို ပြင်း ပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်သွားမည်ဖြစ်ပြီး၊ အီရန် ၏ လှေများနှင့် သင်္ဘောများကိုလည်း ပင်လယ်ပြင်အတွင်းသို့ နစ်မြုပ်သွားသည်အထိ ဆက်တိုက်ပစ်ခတ်သွားမည်” ဟု ကတိပြုခဲ့ကာ၊ ဟော်မုဇ်ရေလက်ကြားကို “ပွင့်လင်း၊ ဘေးကင်းပြီး လွတ်လပ်သော (OPEN, SAFE, and FREE)” ရေကြောင်းလမ်းဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ကြုံးဝါးခဲ့သည်။

     သမ္မတထရန့်၏ ပြောကြားချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေတပ်ဦးစီးချုပ် အလီရေဇာ တန်စီရီ က “ဟော်မုဇ်ရေလက်ကြားကို စစ်ရေးအရ လုံးဝပိတ်ဆို့ထားခြင်း မရှိသေးဘဲ (အီရန်၏) ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသည်” ဟု ပြောကြားခဲ့သည်။



     ၎င်းက X လူမှုကွန်ရက်ပေါ်တွင် ထရန့်၏ မှတ်ချက်များကို ပြန်လည်တုံ့ပြန်ရာ၌ – “အမေရိကန်တွေဟာ အီရန်ရေတပ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီလို့ မဟုတ်မမှန် လုပ်ကြံပြောဆိုခဲ့ကြတယ်။ အဲဒီနောက် ရေနံတင် သင်္ဘောတွေကို လုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးနေပြီလို့ ထပ်ပြီး လိမ်ညာပြောဆိုခဲ့ကြပြန်တယ်။ အခုတော့ သူတို့ဟာ တခြားနိုင်ငံတွေဆီကနေတောင် အကူအညီပေးဖို့ စစ်ကူတောင်းနေကြပြီ” ဟု ရေးသားကာ ပြစ်တင်ဝေဖန်ခဲ့သည်။

     သမ္မတထရန့်က သူ၏ နောက်ဆက်တွဲပို့စ်တွင် “ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်သွင်းနေကြသည့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ထိုရေကြောင်းလမ်း ဘေးကင်းလုံခြုံရေးအတွက် မိမိတို့ဘာသာ တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ (အမေရိကန်) ကလည်း များစွာ ကူညီပေးသွားမည်ဖြစ်သည်!” ဟု ရေးသားခဲ့သည်။

     အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေတပ်ဦးစီးချုပ် အလီရေဇာ တန်စီရီ (Alireza Tangsiri) က သံတမန်ရေးအရ သဘောတူညီချက်တစ်စုံတစ်ရာ မရှိဘဲ စစ်သင်္ဘောများ စေလွှတ်ခြင်းသည် “အလွန်အမင်း တန်ဖိုးကြီးမားလှသည့် စစ်သင်္ဘောများကို တန်ဖိုးနည်းသော်လည်း အစွမ်း ထက်လှသည့် ဒုံးကျည်များ တိုက်ခိုက်မှုအောက်သို့ အလဟဿ ရောက်ရှိသွားစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်လိမ့်မည်” ဟု သတိပေးပြောဆိုခဲ့သည်။

#PositiveAngle #Trump #StraitOfHormuz #USIranWar2026 #GlobalOilCrisis #MilitaryCoalition #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN