အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၇၃ ဦးအား ပြည်နှင်ဒဏ်ပေး

(ပြည်တွင်း)မတ် ၁၂

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၇၃ ဦးအား ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၅၅ ဦး၊ ကင်ညာနိုင်ငံသား ၅ ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား ၄ ဦး၊ နီပေါနိုင်ငံသား ၃ ဦး၊ ရဝမ်ဒါနိုင်ငံသား ၂ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၂ ဦး၊  ကွန်ဂိုနိုင်ငံသား ၁ ဦးနှင့် လိုက်ဘေးရီးယားနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၇၃ ဦးအား မတ် ၁၀ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပြီး ပြည်ပနိုင်ငံသား ၈ ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ  First Secretary  Mr. Le Trung Kien  နှင့် တာဝန်ရှိသူများ၊ ကင်ညာနိုင်ငံ၊ ဆီးရီးယားလီယွန်နိုင်ငံ၊ နီပေါနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ ကွန်ဂိုနိုင်ငံနှင့် လိုက်ဘေးရီးယားနိုင်ငံသံရုံးတို့မှ သံရုံးကိုယ်စားလှယ် Ms. Amy Kristen Miller နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပါကစ္စတန်နိုင်ငံသား ၂ ဦး၊ ရဝမ်ဒါနိုင်ငံသား ၂ ဦး၊ ကင်ညာနိုင်ငံသား ၂ ဦး၊ နီပေါနိုင်ငံသား ၁ ဦးနှင့် ဘူရွန်ဒီနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၈ ဦးအား ပြည်နှင်နိုင်ရေး စစ်ဆေးနေကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းသို့ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၀ ရက်‌ေန့အထိ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁၄,၃၉၃ ဦးအား ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီး ၎င်းတို့အနက်မှ ၁၃,၃၃၅ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၀၅၈ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၀၅၈ ဦးအနက် တရုတ်နိုင်ငံသား ၂၅ ဦးအား  မြို့မရဲစခန်း၌ ချုပ်နှောင်ထားရှိပြီး ပြည်ဝင်ခွင့်ဗီဇာစည်းကမ်း ဖောက်ဖျက်ခဲ့သည့်အတွက် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလော)ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) အရ ၊ မတ် ၇ ရက်‌ေန့တွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဆွဲဆို အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။