တောင်သာမြို့နယ်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်း ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ

(မှုခင်း)အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိထားသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(သာပေါင်းလေး) ၌ ကျောင်းခြံစည်းရိုးအနီး PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် သာပေါင်းလေးကျေးရွာနေ မောင်ဖြိုးသုတအောင်(၁၁)နှစ်၊ မောင်အောင်ဟိန်းခန့်(၁၃)နှစ်၊ မနှင်းယုမိုး(၁၁)နှစ်၊ မဟေမာစိုး(၁၁)နှစ်၊ မမိုးပြည့်ပြည့်ကို(၁၁)နှစ်၊ မခိုင်သဇင်(၁၀) နှစ်၊ မဂျူးဂျူးစံ(၁၂)နှစ်၊ မသဇင်နွယ်(၁၂)နှစ်၊ မဆောင်းသဇင်နှင်း(၁၃)နှစ်နှင့် မအိမြတ်နိုး(၁၂)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။       

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN