PDF များ၏ ပစ်ခတ်မှုကြောင့် ကုန်းတဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသေဆုံး

(မှုခင်း) ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ကုန်းတဲကျေး ရွာအုပ်စု၊ကုန်းတဲ(တောင်)ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ၁၀နာရီ ၁၅မိနစ်အချိန်ခန့်၌ ကုန်းတဲကျေးရွာအုပ်စု အုပ် ချုပ်ရေးမှုး ဦးသန်းလှိုင်အား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ကုန်းတဲကျေးရွာအုပ်စု‌၊ ကုန်းတဲ (တောင်)ကျေးရွာတွင်‌နေထိုင်သည့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းလှိုင်၊ ၆၃နှစ်၊ (ဘ)ဦးအောင်ကြည်သည် နယ်မြေအခြေအနေအရ လှိုင်မြို့နယ် ဝန်ထမ်းအိမ်ယာ အမှတ်(၂)၊ တိုက်အမှတ်(၉)၊ အခန်း (၁၂)တွင် နေထိုင်သူ (ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ) ဖြစ်‌ကြောင်း သိရသည်။

၎င်းသည် တာဝန်ရှိသူများအား သတင်းပေးပို့ခြင်းမရှိဘဲ ကျေးရွာရှိ ၎င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိနေစဉ် အကြမ်းဖက် PDFမှ မော်တော်ဆိုင်ကယ် ၂စီး အင်အား ၄ဦးခန့်ဖြင့် ဆည်တို-မလှိုင်ကားလမ်းအတိုင်း ဆည်တိုကျေးရွာဘက်မှရောက်ရှိလာကာ ၁၀နာရီ၁၀ မိနစ်အချိန်ခန့်တွင် ဦးသန်းလှိုင်အား သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသန်းလှိုင်တွင် မျက်ခုံးနှစ်ခုကြား ပြတ်ရှ ဒဏ်ရာ ၁ချက်၊ဝဲ-မျက်လုံး ဖူးရောင်ဒဏ်ရာ၊ဝဲ-လက်မောင်း ပြတ်ရှဒဏ်ရာ၁ချက်၊ ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာဘက်နံဘေး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာဘက်လက်ပြင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးသွား‌သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။