




(ပြည်တွင်း)ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ Yangon Innovation Centre (YIC) ရှေ့ ကျန်းမာရေးဆိပ်ခံတံတားတွင်ရပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပိုင် ဇင်ယော်ရေယာဉ်များအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မှ ဖေဖော်ဝါရီလ (၂၃) ရကနေ့် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ဇင်ယော်ရေယာဉ်များသည် ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်သည့် ဌာနပိုင်ရေယာဉ်များဖြစ်ကြောင်းသိရပြီး အကြီးစားပြင်ဆင်ပြီးဖြစ်သည့် ရေယာဉ်အမှတ် (၁)၊ (၂) ၊ (၃) စသည့် ရေယာဉ်စုစုပေါင်း (၃) စီးပေါ်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုအကြီးစားပြင်ဆင်ပြီးသည့် ရေယာဉ်တစ်စင်းချင်းအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု အခြေအနေ ရေယာဉ်စက်ခန်း၊ တက်မခန်းများ၏ အခြေအနေ၊ စက်ယန္တရားများ ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် လုံခြုံရေးဆိုင်ရာ စံနှုန်းများ ပြည့်မီမှုရှိ၊ မရှိတို့ကိုပါ စစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် ရေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းပြီး ဝန်ထမ်းများတာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ထားရှိမှုများ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ခြေကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် လုံခြုံရေးစနစ်များထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။