ဥရောပကော်မရှင်က အရာရှိစေလွှတ်၍ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစည်းအဝေး တက်ရောက်စေခြင်းသည် ခွင့်ပြုချက်ရရှိခြင်းမရှိဟု ပြင်သစ်ဆို

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၀

အမေရိကန်ကအစပြုသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့အစည်းအဝေးသို့ ဥရောပကော်မရှင်က အရာရှိစေလွှတ်၍ တက်ရောက်ခိုင်းခြင်းသည် ဥရောပကောင်စီ၏ ခွင့်ပြုချက်ရရှိထားခြင်း မရှိကြောင်း၊ ထိုကိစ္စနှင့်စပ်လျဉ်း၍ အဆိုပါအရာရှိက ရှင်းလင်းချက်ပေးသင့်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Pascal Confavreux က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံအနေဖြင့် ဥရောပကော်မရှင်က အထက်ပါအစည်းအဝေးသို့ အရာရှိစေလွှတ်ကာ တက်ရောက် ခိုင်းခြင်းအပေါ် အံ့အားသင့်မိကြောင်း Pascal Confavreux က ထိုနေ့တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဆိုသည့် အဖွဲ့အစည်းသည် ဂါဇာဒေသအခြေအနေအား မဖြစ်မနေအာရုံစိုက်ရမည်ဖြစ်ပြီး ၎င်း၏တာဝန်ဝတ္တရား အတိုင်းအတာတွင် မသဲကွဲမှုများရှိနေသရွှေ့ ပြင်သစ်အနေဖြင့် ၎င်းအဖွဲ့တွင်ပါဝင်၍ မရနိုင်ကြောင်း Pascal Confavreux က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ပထမဆုံးအကြိမ်အစည်းအဝေးဆိုသည်အား ဖေဖော်ဝါရီလ ၁၉ ရက်တွင် အမေရိကန် ဝါရှင်တန်မြို့၌ ကျင်းပခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန်သမ္မတ ထရမ့် သည် ဇန်နဝါရီလ ၂၂ ရက်တွင် နိုင်ငံနှင့်ဒေသ ၁၀ ခုကျော်မှ ကိုယ်စားလှယ် များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ စာရွက်စာတမ်းလက်မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဆိုသည်အား စတင်ခဲ့သည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ၎င်းကိုယ်တိုင်က ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ဘုတ်အဖွဲ့သည် ဂါဇာအရေးကိစ္စအား ရှေးဦးစွာဖြေရှင်းသွားမည်ဖြစ်ကာ ထို့နောက်ဆက်လက်၍ အခြားပဋိပက္ခ များအား ဖြေရှင်းသွားမည်ဟု ဆိုထားသည်။

အမေရိကန်သည် ကုလသမဂ္ဂနှင့် စင်ပြိုင်အဖွဲ့အစည်းတစ်ခု ဖန်တီး လိုခြင်းက ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့် လုပ်ငန်းယန္တရားကို တစ်ဆင့်တိုးထိခိုက်စေမည်ဖြစ်ကြောင်း လူထု သဘောထားက ယူဆကြသည်။