လာမယ့် ပညာသင်နှစ်မှာ Grade-12 ရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ရေးဆွဲမယ်

အလယ်တန်းမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဘာသာရပ်တွေ ထည့်သွင်းသင်ကြားပေးမယ်

(ပြည်တွင်း) ဖေဖော်ဝါရီ ၃

လာမယ့် ၂၀၂၆ ခုနှစ် ပညာသင်နှစ်မှာ Grade-12 ရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ရေးဆွဲမယ်မှာြဖစ်သလို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်တွေကိုလည်း အလယ်တန်းအဆင့်မှာ သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Grade-12 ရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ရေးဆွဲရာမှာ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးရဲ့ပေါင်းစပ် ညှိနှိုင်းမှုနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး၊ ပညာရေးဝန်ကြီး ဌာနမှာရှိတဲ့ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမှာဖြစ်သလို အသစ်ပြန်လည်ဖွဲ့စည်းမယ့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှာ ဒုတိယဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စေမှာဖြစ်တယ်လို့ သိရပါတယ်။

ခုလိုပြန်လည်ဖွဲ့စည်းရာမှာ ပညာရေးဝန်ကြီးဌာနက ကျွမ်းကျင်သူတွေသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့ ပညာရှင်တွေကိုပါ ကော်မတီမှာအဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမယ်ဆိုပါက ပိုမိုကောင်းမွန်တဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်လာမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ကပြောပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်ပိုင်းက ကျင်းပတဲ့ သင်ကြားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ကပြောကြားခဲ့တာဖြစ်တယ်လို့သိရပြီး အဲ့ဒီအစည်းအဝေးကို

စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း‌နောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်တွေ၊ တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ကြတယ်လို့လည်း သိရပါတယ်။ လာမည့် ပညာသင်နှစ်မှာ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ အလယ်တန်းတွေမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဘာသာရပ်တွေ ထည့်သွင်းသင်ကြားပေးဖို့ဖြစ်တဲ့အတွက် လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လကစတင်ကာ အလယ်တန်းမှာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်တွေ ထည့်သွင်းသင်ကြားပေးနိုင်ဖို့၊ သင်ရိုးတွေ အချိန်မီရေးဆွဲဖို့၊ သင်ကြားမယ့် ဆရာ ဆရာမတွေနဲ့ ဆင့်ပွားသင်တန်းတွေ ဆက်လက်ပေးဖို့ သင်ကြားမယ့်အချိန်တွေ သတ်မှတ်နိုင်ဖို့ ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊