အမျိုးအိမ်ဆုတောင်းပွဲကပြန်လာတဲ့ အမျိုးသမီးတွေကို ဓားပြတိုက်ပြီး မုဒိမ်းကျင့်မှု မြစ်ကြီးနားမှာဖြစ်ပွား

(မှုခင်း) ဒီဇင်ဘာ ၃၀

အမျိုးအိမ်ဆုတောင်းပွဲကပြန်လာတဲ့ အမျိုးသမီးတွေကို မျက်နှာဖုံးထားတဲ့လူတစ်စုက ဓားပြတိုက် မုဒိမ်းကျင့်မှုတစ်ခု ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၈ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

(၂၁)အရွယ်အမျိုးသမီးနဲ့ အဒေါ်ဖြစ်သူတို့(၂)ဦးဟာ ဆိုင်ကယ်(၁)စီးကို (၃) ယောက်စီးကာ စီတာပူရပ်ကွက်မှာရှိတဲ့ အမျိုးအိမ်ဆုတောင်းပွဲကအပြန် ဒေသခေါ် ဂျပန်လမ်း၊ နွားသတ်ရုံအနီးအရောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ လူ(၆)ဦးခန့်က သေနတ်ပြကာ တားစီးပြီး ဓားပြတိုက်ခဲ့တာလို့လည်း သိရပါတယ်။

မျက်နှာမှာ မတ်တွေတပ်ထားတဲ့ ဓားပြတွေဟာ အဆိုပါ အမျိုးသမီး(၃)ဦးကို နွားသတ်ရုံဘက်ဆီ ခေါ်ဆောင်သွားနေချိန်မှာ မောင်းနှင်လာတဲ့ ကားတစ်စီးကို တားဆီးကာ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးငယ်ကို ကားပေါ်ဆွဲခေါ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

အဒေါ်ဖြစ်သူ အမျိုးသမီး (၂)ဦးကိုတော့ နွားသတ်ရုံဘက်သို့ ခေါ်ဆောင်ကာ ပါလာတဲ့ လက်ဝတ်ရတနာတွေ၊ ဆိုင်ကယ်နဲ့ ဖုန်းတွေကို ယူဆောင်သွားပြီး အသက် (၂၁)နှစ်အရွယ် အမျိုးသမီးကိုတော့ ဝိုင်းဝန်းရိုက်နှက်ကာ အတင်းအဓမ္မ မုဒိမ်းပြုကျင့်မှုခဲ့ပြီး တပ်ကုန်းရပ်ကွက် အမှိုက်ပုံဘေးမှာ ပစ်ထားခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသက် (၂၁)နှစ် အရွယ် အမျိုးသမီးငယ်ကို သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေက စောင့်ရှောက်ထားသလို နယ်မြေခံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမှုများပြုလုပ်ထားတယ်လို့ သိရပါတယ်။