နီပေါရေဘေးသင့်ပြည်သူများအတွက် မြန်မာက အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လူသားချင်းစာနာမှုအကူအညီ ပေးအပ်

(ပြည်တွင်း) စက်တင်ဘာ ၃

နီပေါနိုင်ငံမြောက်ပိုင်း Rasuwa ခရိုင်နှင့် အနီးတဝိုက်တွင် ဩဂုတ် ၂၆ ရက်က ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် မြန်မာအစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂ ရက်တွင် တပ်မတော်လေယာဉ် (Y-8) ဖြင့် နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

ထို့နောက် စက်တင်ဘာ ၂ ရက် ၁၇၄၅ နာရီတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန ဝန်ကြီး Honourable Mr. Mahabir Pun၊ လွှတ်တော်အမတ် Mr. Dharmaraj K.C. နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်ခံရယူခဲ့ကြသည်။

အကူအညီများ ပေးအပ်ရာတွင် ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးက ယခုလှူဒါန်းမှုသည် နီပေါပြည်သူများအပေါ် မြန်မာအစိုးရနှင့် မြန်မာပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုအရ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် သဘာဝဘေးသင့်ပြည်သူများ ပုံမှန်ဘဝသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းလည်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး Honourable Mr. Mahabir Pun ကလည်း မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံမှ ပေးအပ်သည့် ထောက်ပံ့မှုများကို သဘာဝဘေးသင့်ပြည်သူများအတွက် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း Honourable Mr. Mahabir Pun က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန်အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရသည့် နီပေါနိုင်ငံမြောက်ပိုင်း Rasuwa ခရိုင်နှင့် အနီးတဝိုက်ရှိ နေရာများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။