လေဖြန်းနေသည့် အစ်မအား မောင်ဖြစ်သူမှ ထိုးကြိတ်ရိုက်နှက်သဖြင့် သေဆုံး

(မှုခင်း) စက်တင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် လေဖြန်းနေသသည့် အစ်မအား မောင်ဖြစ်သူက ထိုးကြိတ်ရိုက်နှက်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၃၀ ရက်၊ ည ၉ နာရီခန့်က အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်နေ ထွန်းထွန်းဦး (ခ) ဖိုးလင်းသည် နေအိမ်သို့ ပြန်လာပြီး အတူနေ လေဖြန်းနေသည့် အမဖြစ်သူ ဒေါ်ချိုချိုမြင့်နှင့် စကားများ ရန်ဖြစ်ရာ အစ်မဖြစ်သူအား မျက်နှာနှင့် ရင်ဘတ်တို့တွင် လက်သီးဖြင့် ထိုးခြင်း၊ ကျောပြင်အား ပန်းရံ သံလျက်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မောင်ဖြစ်သူ၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် ဒေါ်ချိုချိုမြင့် တွင် မျက်နှာ၊ ရင်ဘတ်၊ ကျောတို့တွင် ညိုမဲ ဒဏ်ရာများရရှိကာ ဩဂုတ်လ ၃၁ ရက်၊ ညနေပိုင်းတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစ်မဖြစ်သူအား သေဆုံးသည့်အထိ ထိုးကြိတ် ရိုက်နှက်ခဲ့သူ ထွန်းထွန်းဦး (ခ) ဖိုးလင်း အား အောင်ပန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။