(ပြည်တွင်း) ဒီဇင်ဘာ ၁၄
အွန်လိုင်းငွေလိမ်လည်လုပ်ငန်း ကျားဖြန့်မှာ ပါဝင်ပြီး ပြစ်မှုကျူးလွန်သူတွေအတွက် ဒုတိယအကြိမ် အခွင့်အရေးမရှိစေရလို့ နိုင်ငံတော်အစိုးရက ကြွေးကြော်ထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီက ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ မြန်မာ့အသံရုံးမှာ နိုင်ငံတော်အစိုးရဲ့ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြစ်မှုကျူးလွန်ခဲ့သူတွေကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် အခွင့်အရေးလုံးဝမရှိစေရဘူးလို့ အသိပေးကြွေးကြော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျားဖြန့်လုပ်ကိုင်သူတွေကို ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း လုံးဝအကာအကွယ်ပေးခွင့်ရမှာမဟုတ်ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယတိပြတ်ပြောဆိုထားပါတယ်။
ကျားဖြန့်လုပ်ငန်းဆိုတာ International Organized Crime နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုပုံစံ/နိုင်ငံပေါင်းစုံက မသမာသူတွေ ပါဝင် ဆောင်ရွက်တဲ့ ပုံစံဖြစ်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေအကြား တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိနေတယ်လို့လည်း ပြောပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ Task Force တွေ၊ Cooperation အဖွဲ့တွေ ဖွဲ့စည်းပြီး ထိရောက်စွာပူးပေါင်း ဆောင်ရွက်လျက်ရှိနေသလို ဆက်လက်ပြီး တက်ကြွထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲက ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ချုပ်ကြီး ဝင်းဇော်မိုးနဲ့ ကျားဖြန့်တိုက်ဖျက်နှိမ်နင်းရေးမှာ တာဝန်ရှိသူတွေက တက်ရောက်ရှင်းလင်းခဲ့ကြတာ ဖြစ်ပါတယ်။
#PAN