(ပြည်တွင်း) ဒီဇင်ဘာ ၈

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့်ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်းဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေ အတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၂ လုံးနှင့် ၂ ထပ်အဆောက်အအုံ ၁၀ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၃၃၃ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာလ ၁၈ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိစစ်ဆေးခဲ့သည့် အဆောက်အအုံ ၆၉၄ လုံးအနက် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၁၆၉ လုံးကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါအဆောက်အအုံများကို ပြန်လည်အသုံးချမှု မရှိစေရေးအတွက်ချိပ်ပိတ်သိမ်းဆည်းခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၁၆၁ လုံးကို ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေး အတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါနယ်မြေများရှိ ဖမ်းဆီးထိန်းသိမ်းထားရှိသည့် တရားမဝင် ပြည်ပနိုင်ငံသားများကို တရားမဝင်ပြည်ပ နိုင်ငံသားစစ်ဆေးရေးအဖွဲ့ကစစ်ဆေး၍သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင်အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်းပေါင်းစပ်ညှိနှိုင်း၍ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

