

(မှုခင်း) ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၈/၅)နှင့် (၇၈/၆)ကြား၊ မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်လမ်းဆုံတွင် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က တောင်ကြီးမှ ကလောသို့ ယာဉ်မောင်း ဦးခွန်လှဇော် မောင်းနှင်လာပြီး ခရီးသည် အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း (၄၆)ဦး စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် NPW-3၊ 5P/3904 SUNLONG အမျိုးအစား(အဖြူရောင်)(၆)ဘီး “ဒို့ညီနောင်” ခရီးသည်တင်ယာဉ်သည် နတ်မောက်မြို့မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း ဦးအေးလွင် မောင်းနှင်ပြီး အမျိုးသား(၆)ဦး၊ အမျိုးသမီး(၁၂)ဦး၊ စုစုပေါင်း(၁၉)ဦး စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် MDY-17၊ 2G/1452 NISSAN ATLAS အမျိုးအစား(အဖြူရောင်)ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အခင်းဖြစ်နေရာသို့ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အမှတ် MDY-17၊ 2G/1452 NISSAN ATLAS အမျိုးအစား (အဖြူရောင်)ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ NISSAN ATLAS အမျိုးအစား(အဖြူရောင်)ယာဉ်ပေါ်ပါ စုစုပေါင်း (၁၉)ဦးအနက် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား အောင်ပန်းမြို့၊ မဟာလူမှုကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် အောင်ပန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးခွန်လှဇော်(၂၇)နှစ်အား အောင်ပန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။