ပြည်သူလူထုများက တက်ကြွစွာပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်စေရန်အတွက် ဘက်ပေါင်းစုံမှ စည်းရုံးဆောင်ရွက်ရန် ဝန်ကြီးချုပ် ဦးညိုစော တိုက်တွန်းပြောကြား

(ပြည်တွင်း) နိုဝင်ဘာ ၂၀

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က နိုဝင်ဘာလ ၂၀ ရက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲရုံး ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲအစည်းအဝေး (၅/၂၀၂၅)၌ တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

အဖွင့်အမှာစကားပြောကြားရာမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယခုလာမည့် ဒီဇင်ဘာလ ၂၈ ရက် မှစတင်၍ အပိုင်း (၃) ပိုင်းနဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ထွန်းကားစေရေးအတွက် ယခုအချိန်မှာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးက အရေးကြီးဆုံးကိစ္စရပ်ဖြစ်သည်ကို ပြည်သူလူထုက နားလည်သဘောပေါက်ပြီး လိုလားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်အတွက် သက်ဆိုင်တဲ့အဖွဲအစည်းများ အားလုံးက ဘက်ပေါင်းစုံမှ စည်းရုံးဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးချုပ် က ယခုအခါ မိမိတိုနိုင်ငံအတွင်း ကဏ္ဍပေါင်းစုံဖွံဖြိုးတိုးတက်၍ ရလဒ်ကောင်းများ ဖြစ်ပေါ်စေရေးအတွက်ကိုလည်း တာဝန်ရှိသူအဆင့်ဆင့်တိုမှ မျက်ခြည်မပြတ် စောင့်ကြည့်လျက် လိုအပ်ချက်များကို ချမှတ်ပေးထားတဲ့ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ကြပ်မတ်ထိန်းသိမ်းပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြပါတယ်။

အစည်းအဝေးသို ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်နဲ့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။