အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျလွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်

(ပြည်တွင်း) နိုဝင်ဘာ ၁၇

အလုပ်သမားအဖွဲ့အစည်းများကို ဖွဲ့စည်းရာမှာ အလုပ်သမားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန် စေရန်အတွက် စနစ်တကျလွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ အထည်ချုပ်စက်ရုံများနှင့် တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် အညီ အဖွဲ့အစည်းအဆင့်ဆင့်ဖွဲစည်းနိုင်ရေးဦးစီး ဌာနမှ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ် စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေးလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအနေနဲ့ အလုပ်သမားရေးရာဥပဒေများနှင့် အညီ စည်းကြပ်ဆောင်ရွက်ပေးမှုများကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်၊ အလုပ်သမားအပြန်အလှန်ယုံကြည်မှုရှိခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။

PAN