(ပြည်တွင်း) နိုဝင်ဘာ ၁၂

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁,၁၈၃ ဦး ရှိကြောင်း UEC ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသူများမှာ ပြည်သူလွှတ်တော် တွင် ၃၀၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၉၀ ဦးနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော် ၇၀၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအမည်စာရင်းတင်သွင်းသူများအနက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အမျိုးသမီး ကိုယ်စားလှယ် လောင်းက ၁,၁၈၃ ဦးဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၉၀၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စား လှယ်လောင်း ၇၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အမည်စာရင်းတင်သွင်းသူအားလုံးကို ကျား/မ တန်းတူ ပြဌာန်းထားတဲ့ ဥပဒေများအတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံသားအားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးထားပြီးဖြစ်ပေမယ့် ရွေးကောက်ပွဲနှင့်နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးပါဝင်မှု အချိုးအစား နည်းပါးလျက် ရှိနေသေးတာကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု ပိုမိုမြင့်မားရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရပါတယ်။