မော်လိုက်က စျေးဆိုင်တန်းတစ်ခုကို KIA/PDF က ဒရုန်းဗုံးချတိုက်ခိုက် သားအဖ ၂ဦး ထိခိုက်ဒဏ်ရာ

(ပြည်တွင်း) အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့ ကျောင်းတောင်ရပ် ရေကင်းဂိတ်အနီးက ကမ်းနားစျေးဆိုင်တန်းကို ကချင်လက်နက်ကိုင် KIA နဲ့ PDF အကြမ်းဖက်တွေက ဒရုန်းဗုံးနဲ့ပစ်ချတိုက်ခိုက်ခဲ့လို့ ဈေးရောင်းသူ သားဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့ PDF အကြမ်းဖက်တွေဟာ အောက်တိုဘာ ၁၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ကမ်းနားစျေးဆိုင်တန်းကို ဒရုန်းဗုံးနဲ့ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီဈေးဆိုင်တန်းမှာဈေးရောင်းနေတဲ့ ကိုပိန် ဆိုသူနဲ့ သားဖြစ်သူ ၁၀ တန်းကျောင်းသား မောင်ဝဏ္ဏတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံတွေရဲ့အဆိုအရ KIA နဲ့ PDF အကြမ်းဖက်တွေဟာ လောင်ကောင်းညောင်ဝန်းရွာမှာ စခန်းချနေထိုင်နေတာဖြစ်ပြီး အဲ့ဒီရွာကနေ ဒရုန်းတွေနဲ့ ဗုံး ၄ လုံးလာရောက်ပစ်ချခဲ့တာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ည ၉ နာရီ ၄၅ မိနှစ်အချိန်ကလည်း မော်လိုက်မြို့နယ် ညောင်ဝန်းကျေးရွာမှာ စခန်းချနေထိုင်တဲ့ အကြမ်းဖက် KIA PDF တွေပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ မော်လိုက်မြို့ပေါ်က ခရိုင်မြို့နယ်မြေစာရင်းရုံးအဆောက်အဦးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။