အိမ်ထောင်စုတစ်စုကို အနည်းဆုံးတစ်ဦး မဲစာရင်းလာကြည့်ဖို့ UEC တိုက်တွန်း


(ပြည်တွင်း) စက်တင်ဘာ ၃၀

ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းရရှိဖို့အတွက် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အိမ်ထောင်စုတစ်စုကို အနည်းဆုံးတစ်ဦး မပျက်မကွက် လာရောက်ကြည့်ရှုကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မေတ္တာရပ်ခံထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း​တွေကို ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ
အောက်တိုဘာ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ ကျေးရွာအုပ်စုအတွင်းက ကျေးရွာ​တွေမှာ ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားတာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နဲ့ကျေးရွာအုပ်စုတွေမှာ ကပ်ထားကြေညာနိုင်ခြင်း မရှိရင် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားကြေညာချိန်မှာ မဲဆန္ဒရှင်​တွေ က မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်း ရရှိနိုင်မှာတယ်လို့လည်း UEC ကဆိုပါတယ်။

မဲဆန္ဒရှင်​တွေအနေနဲ့ မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းမှာ မပါဝင်ပါက ပုံစံ (၃) နဲ့ မဲစာရင်းမှာ အမည်ထည့်သွင်းပေးဖို့ တောင်းဆိုခြင်း၊ မပါဝင်သင့်သူတွေပါဝင်နေပါက ပုံစံ (၄) နဲ့ ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်တွေ မှားယွင်းနေပါက ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုတယ်လို့လည်း ပြောပါတယ်။

လိုအပ်တဲ့ပုံစံ​တွေကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ အခမဲ့ ရယူနိုင်ပြီး ခုလို ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်တာတွေ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမှာဖြစ်တယ်လို့ UEC ကထုတ်ပြန်ပါတယ်။

PAN