ခေတ်သစ်ခရူးဆိတ်စစ်ပွဲမောင်းခလုတ်ပေါ်လက်ညှိုးရောက်ပြီလော

(ဆောင်းပါးကဏ္ဍ) စက်တင်ဘာ ၃၀
နေဇင်လတ်

      Crusade War – ခရူးဆိတ်စစ်ဆိုတာနဲ့ ဘာ သာရေးစစ်ပွဲရယ်လို့ လူတိုင်းနားလည်ကြတယ်။ သမိုင်းမှာ ခရူးဆိတ်စစ်ပွဲ ကိုးကြိမ်ဖြစ်ခဲ့တယ်။ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ဖြစ်ပွားတဲ့စစ်ပွဲပါ။ နှစ်ပေါင်း ၁၈ဝ အတွင်း အကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ခရူးဆိတ်စစ်ပွဲအတွင်းသေကြေခဲ့တဲ့ လူပေါင်းဟာ ဒုတိယကမ္ဘာစစ်အတွင်းသေကြေခဲ့တဲ့ လူပေါင်းထက်ပိုများတယ်။
• ပထမခရူးဆိတ် (၁ဝ၉၅ – ၁၁၄၉)
• ဒုတိယခရူးဆိတ် (၁၁၄၅ – ၁၁၄၉)
• တတိယခရူးဆိတ် (၁၁၈၉ -၁၁၉၂)
• စတုတ္ထခရူးဆိတ် (၁၂၀၂ – ၁၂၀၄)
• ပဉ္စမခရူးဆိတ် (၁၂၁၇ – ၁၂၂၂)
• ဆဋ္ဌမခရူးဆိတ် (၁၂၂၈ – ၁၂၂၉)
• သတ္တမခရူးဆိတ် (၁၂၄၈ – ၁၂၅၄)
• အဋ္ဌမခရူးဆိတ် (၁၂၇၁)
• နဝမခရူးဆိတ် (၁၂၇၁ – ၁၂၇၂)

     နှစ်ပေါင်း ၁၇၇ နှစ်အတွင်း ဘာသာရေး စစ်ပွဲပေါင်းကိုးကြိမ် ဖြစ်ခဲ့တယ်။ နှစ်ပေါင်း ၇၅ဝ ကျော် ဖြတ် သန်းခဲ့ပြီး မြင်ကွင်းတွေအရဆိုရင် ခေတ်သစ်ခရူးဆိတ်ဖြစ်လာဖို့အလားအလာတွေ အတော်ရှိလာနေပြီလို့ သုံးသပ်ရနိုင်ပါတယ်။

ဒီမိုဘိုးအေကြီးကစတော့မှာလား

    ခေတ်သစ်မှာ UK ဟာ ဒီမိုကရေစီဘိုးအေကြီးဖြစ်ပါတယ်။ တက်လာတဲ့ သတင်းတွေထဲမှာ စိုးရိမ်စရာ သတင်းတွေ ဆက်တိုက်ပါလာတာတွေ့ရတယ်။ UK မှာလူပေါင်းလေးသန်းလောက်က ဆန္ဒပြလာကြတယ်။ ရှေးခရူးဆိတ်စစ်ပွဲကာလက တိုက်ပွဲဝင်အနီရောင်ဝတ်ရုံကြီးတွေနဲ့ လက် ဝါးကပ်တိုင်အမှတ်တံဆိပ်ပါဝတ်စုံတွေကို အသုံး ပြုလာကြတယ်။ ခရူးဆိတ်အထိမ်းအမှတ် လက် ဝါးကပ်တိုင်တွေလည်း ဆန္ဒပြပွဲမှာ ယူဆောင်လာကြတဲ့ ကွတ်ပြားတရားဟော စင်မြင့်တွေမှာ “ခရူးဆိတ်စစ်ပွဲ” ကို တောင်းဆိုလာကြတာတွေ့ရတယ်။

    ယူကေသာသနာပြုခရစ်ယာန်ဂိုဏ်းအုပ်ကြီးတစ်ပါးကလည်း“ဥရောပမှာ ခရစ်ယာန်ဘာသာပျောက်ကွယ်သွားရင် ကမ္ဘာကြီးအတွက် အလွန်အန္တရာယ်ကြီးတယ်” လို့လည်း ပြောသွားတာ တွေ့ရတယ်။

    ဒီနေရာမှာကြီးကြီးမားမားတိုက်ဆိုင်မှုတွေကို လေ့ လာရတယ်။ အစ္စရေးက ဂါဇာကို ပြင်းပြင်း ထန်ထန် ဗုံးကြဲပြီး ဟားမက်တွေကိုအပြောင်ရှင်းချိန်၊ အရှေ့အလယ်ပိုင်းကရေနံထွက် ကာတာ နိုင်ငံထဲက ဟားမက်ခေါင်းဆောင်တွေကို အစ္စရေးကဝင်ရောက်လေကြောင်း တိုက်ခိုက်ချိန်တွေနဲ့ တိုက်ဆိုင်နေတယ်။

    ဟားမက်တွေကို အကြမ်းဖက်လို့ မြင်ကြတာထက် အစ္စလာမ်မစ်တွေလို့တချို့နိုင်ငံတွေက မြင်ကြတယ်။ ခရစ်ယာန်လို့ပြောလို့ရတဲ့ အစ္စရေးကိုခရစ်ယာန်လို့မြင်ထားကြပြန်တော့ အစ္စရေး – ဟားမက်ထက် ခရစ်ယာန်နဲ့အစ္စလာမ်အကြားစစ်ပွဲလို့ တချို့ကရှုမြင်ကြတယ်။ အရှေ့အလယ်ပိုင်းဟာ ကျိန်စာမိဒေသလို့ ပြောရမလိုပါပဲ။ ကုလားအုတ်တွေစီး၊ စွန်ပလွံကိုက်နေရာက ရေနံတွေ့ပြီး ရုတ်တရက်“ထ”ချမ်းသာလာကြတယ်။ ဟိုးပဝေသဏီကတည်းက သွေးစွန်းခဲ့တဲ့ အရှေ့အလယ်ပိုင်းဟာ ခေတ်သစ်မှာလည်း သွေးထပ်စွန်းခဲ့ရပြန်တယ်။

    လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကတည်းက“ ဆွန်နီ – ရှီအိုက်” အကြားသွေးစွန်းခဲ့ပြီး အလယ် ခေတ်မှာ ခရူးဆိတ်စစ်ပွဲတွေနဲ့ သွေးစွန်းခဲ့ရပြန်တယ်။ ၂၀၀၁ သမ္မတ Bush လက်ထက်မှာ 9-11နဲ့ WTO အကြောင်း ပြုပြီး ဆက်တိုက်သွေးစွန်းခဲ့တာ နှစ် ၂ဝ ကျော်ကြာသွားခဲ့ပါပြီ။ ဒီတစ်ခါလည်း ကြီးကြီးမားမားသွေးစွန်းဖို့ အခင်း အကျင်းတွေက လက္ခဏာတွေပြသနေတာတွေ့ရတယ်။

အမေရိကန်ရဲ့အရှေ့အလယ်ပိုင်းမူဝါဒ

    ဒုတိယကမ္ဘာစစ်နောက်ပိုင်းနိုင်ငံရေးအယူဝါဒမတူတဲ့အုပ်စုကြီးနှစ်ခု အားပြိုင်ခဲ့ကြတယ်။ အမေရိကန်ဦးဆောင်တဲ့ NATOနဲ့ ဆိုဗီယက် ဦးဆောင်တဲ့ Warsaw တို့ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ လက်နက်အပြိုင်အဆိုင် တပ်ဆင်ကြတဲ့စစ်အေးခေတ်ပါ။ ၁၉၈၉ မှာ ဆိုဗီယက်ယူနီယံ လုံးဝပြိုကျသွားတယ်။ အမေရိကန်တစ်ဦးတည်း ဗိုလ်ခေတ်ကိုပြိုင်သူမဲ့ ရောက်သွားတယ်။ အဲ့ဒီအချိန်မှာ အရှေ့အလယ်ပိုင်းဟာ ရေနံနဲ့ချမ်းသာလာခဲ့ကြပြီ။ အရှေ့အလယ်ပိုင်းဒေသကြီး တစ်ခုလုံးဟာ အစ္စလာမ် ကမ္ဘာကြီးသဖွယ်ဖြစ်သွားခဲ့ပြီ။

    အမေရိကန်အတွက် အင်အားကြီးလာတဲ့ အစ္စလာမ်ကမ္ဘာကြီးဟာ အနာဂတ်မှာခြိမ်းခြောက်မှုတစ်ခုလို့မြင် လာတယ်။ ဒါနဲ့ပဲ Bush (Jr) လက် ထက် ၂၀၀၁ မှာ World Trade Center ကို အိုစမာဘင်လာဒင်အကြမ်း ဖက် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဖဂန်နစ္စတန်ကနေစလိုက်တဲ့စစ်ပွဲဟာ ဆီးရီးယားအထိ ကျယ်ပြန့်သွားခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတချို့နေရာတွေမှာ စစ်မီးတောက်ခဲ့တာ ဒီနေ့အထိပဲဖြစ်ပါတယ်။ Bush ဟာ အရှေ့အလယ်ပိုင်းဒေသကြီးတစ်ခုလုံးကို ခြေမှုန်းတဲ့ Doctrine ကိုချမှတ်ပြီး New World Order ဆိုပြီးကြေညာခဲ့တယ်။ ကမ္ဘာ့အခင်းအကျင်းသစ်ပေါ့။ NWO ဟာ Bush ကြောင့် နှောင်းလူတွေလူသုံးများလာတဲ့ စကား လုံးတစ်ခုဖြစ်လာခဲ့ပါဆတော့တယ်။

    အရှေ့အလယ်ပိုင်း အစ္စလာမ်ကမ္ဘာကြီးကို ထိန်းညှိဖို့ အစ္စရေးဆိုတဲ့ ခရစ်ယာန်ဘာသာဝင်(အမှန်က Judaism)ကို အမေရိကန် သမ္မတအဆက်ဆက်ကမဟာဗျူဟာကျကျမြှုပ်နှံထားခဲ့တာပါ။ သိသိသာသာအားပေးသွားတာကတော့ လက်ရှိသမ္မတထရမ့်ပဲ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ပထမသမ္မတ သက်တမ်းမှာ အစ္စရေးရဲ့ဂျေရုဆလင်ကို အမေရိကန်က အသိ အမှတ်ပြုလိုက်တယ်။ အစ္စလာမ်ကမ္ဘာကြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ်။ ဂျေရုဆလင်နေရာထိ မြင့်မြတ်သောနေရာ (Holy Land) လို့ အစ္စရေးရော၊ အစ္စလာမ်ရောက သတ်မှတ်ကြပြီး နှစ်ဖက်လုံးကသူပိုင်တယ်၊ ငါပိုင်တယ်ရယ်လို့ အငြင်းပွားနေတဲ့နေရာ ဖြစ်ပါတယ်။ အဲ့ဒီ Holy Landကြောင့် ဘာသာနှစ်ခုကြား သွေးစွန်းခဲ့ရတဲ့အကြိမ်ပေါင်းလည်း များလှပါပြီ။

     အင်အားကြီးတဲ့ အမေရိကန်က အသိအမှတ် ပြုလိုက်ခြင်းဟာ ကမ္ဘာက အသိအမှတ်ပြုလိုက်ခြင်းမည်တဲ့အတွက် အစ္စလာမ်ကမ္ဘာကြီးကမကျေနပ်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်ရေးအင်အားအရ ဘယ်လိုမှ မယှဉ်နိုင်တဲ့အတွက်မြိုသိပ်ခဲ့ရပါတယ်။

     အရှေ့အလယ်ပိုင်းမှာ ပြဿနာကြီး သုံးခုရှိတယ်။
• ပထမပြဿနာက အချင်းချင်းဖြစ်ကြတဲ့”ဆွန်နီ – ရှီအိုက်” ပြဿနာ
• ဒုတိယပြဿနာက အရှေ့အလယ်ပိုင်းအပေါ်အမေရိကန်ထားတဲ့ မူဝါဒ
• တတိယပြဿနာက အစ္စရေး

     နိုင်ငံအဆင့်မှာ ဘယ်သူကမှ အမေရိကန်ကို မယှဉ်နိုင်ကြဘူး။ ဒီတော့အကြမ်းဖက်တွေကို မွေးလာကြတယ်။ နောက်ကွယ်က ထောက်ပံ့ပေးတယ်။ ဒါဟာ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ အကြမ်းဖက်ပေါင်း ၈၄ ဖွဲ့ရှိနေတယ်။ ဒီနေ့သတင်းတွေမှာ အတွေ့များတဲ့ ဟားမက်၊ဟဇ်ဘိုလာ၊ ဟူသီတွေဆိုတာ အီရန်က ထောက်ပံ့ထားတဲ့ အကြမ်းဖက်တွေပါ။ ဘယ် လောက်အထိ ကြီးထွားလာသလဲဆိုရင် မစ်ဇိုင်းတွေ သုံးနိုင်တဲ့အဆင့်အထိ ကြီးထွားနေပါပြီ။ အမေရိကန်မပါရင် အစ္စရေးတစ်ဦးတည်း ရင်ဆိုင်နိုင်ဖို့မလွယ်တဲ့ အခြေအနေကိုရောက်နေပါပြီ။

     အစ္စရေးပိုင်နက်ကသေးသေးလေးပါ။ ပိုင်နက်နယ် မြေသေးလွန်းတာက တကယ်တမ်း နင်လား၊ ငါလားဆိုရင် အားနည်းချက်ကြီးတစ်ခုဖြစ်လာတယ်။ ဒါကြောင့် ရဲရဲလုပ်တတ်တဲ့ ထရမ့်လက် ထက်မှာ ဂါဇာကို ဟားမက်တွေ အပြောင်ရှင်းပြီးကမ်းမြောင်ကြီး တစ်ခုလုံးကို အစ္စရေးတို့က သိမ်းပိုက်နိုင်အောင်မီးကုန် ယမ်းကုန် ဗုံးကြဲတိုက် ခိုက်နေပါပြီ။ ဂါဇာကထွက်ပြေးသွားတဲ့ ဟားမက်ထိပ်စည်းခေါင်းဆောင်တွေ ခိုအောင်းနေတဲ့ Qatar ကိုလည်း အစ္စရေးက ဗုံးဝင်ကြဲလိုက်ပါတယ်။

    အဲ့ဒီမှာ ဇာတ်လမ်းက ရုတ်တရက် ဇာတ်ရှိန်မြင့်သွားရပါတော့တယ်။

အစ္စလာမ် ကမ္ဘာကြီးစုစည်းဖို့ ဖြစ်လာတာလား

     မိုဟာမက်ဆွေမျိုးနဲ့ တပည့်တွေအကြား လမ်း စဉ်မတူပဲ “ဆွန်နီ – ရှီအိုက်”ရယ်လို့ကွဲပြားလာတယ်။ သူတို့ချင်းရန်သူသဖွယ် တိုက်ခိုက်ကြတယ်။ ဒါက နှစ်ထောင်ချီကတည်းက ဖြစ်လာခဲ့တာ။ သူ့အရိုးနဲ့ သူထိုးထားခြင်းခံရတဲ့အရှေ့အလယ်ပိုင်းဟာ အမေရိကန် စိတ်ကြိုက်ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ကံကြမ္မာက ရုတ်တရက် အလှည့်အပြောင်း ဖြစ်သွားစေခဲ့တယ်။

     ကာတာ၊ ဒိုဟာမှာရှိတဲ့ ဟားမက်ခေါင်းဆောင်တွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်းမှာ အခြေအနေတွေက အဖြူကအမည်း ပြောင်းသွားသလို ဆန့်ကျင်ဘက်ဖြစ်သွားခဲ့ပါတယ်။ ကာတာဆိုတာက အမေရိကန်ရဲ့ မဟာမိတ်၊ အရှေ့အလယ်ပိုင်းဒေသ အမေရိကန်စစ် အခြေစိုက်စခန်းတွေထဲမှာ ကာတာက စစ်အခြေစိုက်စခန်းက အကြီးဆုံးပါ။ အီရန်ကို တိုက်တုန်းက တောင်ကာတာ စစ်အခြေစိုက်စခန်းက အမေရိကန်စစ်လေယာဉ်တွေ အသုံးပြုခဲ့ပါသေးတယ်။

     အစ္စရေးက ကာတာကိုလေကြောင်းတိုက်ခိုက်မှုမှာ အမေရိကန်က မဟန့်တားနိုင်တာ၊ သတင်းလုံလောက်တဲ့ အချိန်အတွင်းမပေးနိုင်တာကို ကာတာက မကျေနပ်ဘူး။ သစ္စာဖောက်တယ်လို့ယူဆတယ်။ နောက်တစ်ခုက အချုပ်အခြာ အာဏာရှိတဲ့နိုင်ငံတစ်ခုအပေါ် အစ္စရေးတိုက်ခိုက်တာက နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်လို့ သတ် မှတ်ကြတယ်။

    ဒီလိုနဲ့အရှေ့အလယ်ပိုင်းအစ္စလာမ်ကမ္ဘာကြီးစုစည်းမိသွားကြတယ်။ ဒါတင်မကဘူး OIC (57) နိုင်ငံပါ ပေါင်းစည်းမိသွားကြပါပြီ။ အစ္စလာမ်နိုင်ငံတွေမှာလည်း NATO လိုပဲ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ရှိသင့်တယ်ဆိုတဲ့အယူအဆကို ထုတ်ဖော်လာကြတယ်။ NATO ရဲ့ Article-5 လို အစ္စလာမ်နိုင်ငံ တစ်ခုခုကို အခြားနိုင်ငံတစ်ခုခုကထိပါးလာရင် ကျန်နိုင်ငံတွေစုပေါင်းတိုက်ခိုက်ကြမယ့် အယူအဆပါ။ ဒီအဆင့်တွင်တောင် “ပြင်း”တယ်လို့ဆိုရပါမယ်။ “ဘာသာရေးစစ်ပွဲ”ကို တူရူပြုစေတဲ့ အယူအဆ ဖြစ်လာပါတယ်။

     ကာတာက ချက်ချင်းတုံ့ပြန်လိုက်တယ်။ ဟူသီသူပုန်တွေကို $ 500 Million ထောက်ပံ့လိုက်ပြီး သူ့ကာကွယ်ရေးမှာ ရုရှားရဲ့ S-400 တွေကိုဝယ်ယူသွားမယ်လို့ဆိုပါတယ်။ အမေရိကန်ကို သစ္စာဖောက်လို့စွပ်စွဲပြီး ရုရှားနဲ့ တရုတ်ဘက်ကို ယိမ်းပြလိုက်ပါတယ်။

      အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ကာတာဆီကို အပြေးချီတက်သွားလေရဲ့။

လက်သည် တရားခံ-ဒီမိုလစ်ဘရယ်

     အစ္စလာမ်ဆန့်ကျင်ရေးကို ယူကေမှာ လူလေးသန်းလောက်နဲ့ ဆောင်ရွက်နေပြီး“ခရူးဆိတ်” ကိုတောင်းဆိုလာတာ တွေ့ရတယ်။ UK မှာတင်လားဆိုတော့မဟုတ်ဘူး။ ပြင်သစ်၊ ဂျာမနီ၊ အီတလီတွေမှာလည်းဆန္ဒပြနေကြတာတွေ့ရတယ်။ အကြောင်းပေါင်းတွေစုပေါင်းဆုံဆည်းကြတဲ့အချိန်လို့ ပြောရလိမ့်မယ်။

     ဒါတွေအားလုံးရဲ့လက်သည် တရားခံကတော့ လစ်ဘရယ်ဒီမိုကရက်တွေပါပဲ။ လူ့အခွင့်အရေး၊ Multiculturalism, Diversity တွေကို ကြွေးကြော်ပြီး မဲရရေး အပြိုင်အဆိုင်ကြိုးစားခဲ့ကြတာကနေစလိုက်တာပါပဲ။ ဆယ်စုနှစ်ပေါင်းများစွာကြာတော့ သူတို့နိုင်ငံတွေထဲကိုရွှေ့ပြောင်းမွတ်စလင်တွေ အများကြီးရောက်လာခဲ့ကြတယ်။ နောက်တစ်ခါ လူဦးရေမွေးဖွားနှုန်းမတူတာကလည်းတစ်ချိန်မှာ စိန်ခေါ်ဖို့ ဖြစ်လာတယ်။ ယူကေမှာ မြို့တော်ဝန် ၁၂ ဦးဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်သွားခဲ့ကြပြီ။ အရေးအကြီးဆုံး Landon မြို့တော်ဝန်က “ဆာဒန်”ဆိုတဲ့အစ္စလာမ်ဘာသာဝင်ပါ။

    အနှိမ်ခံခဲ့ရတဲ့ မွတ်စလင်တွေလည်း အင်အားတောင့်တင်းလာတဲ့အခါမှာ ပြန်ပြီးစိန်ခေါ်တာမဆန်းလှပါဘူး။ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ မွတ်စလင်တွေစုပြီး ဘုရားဝတ်ပြုတာတွေ လုပ်လာတယ်။ လမ်းလယ်ကောင်မှာဘုရားဝတ်ပြုတာတွေလည်း လုပ်လာတယ်။ နောက်ဆုံး “ရှရီယာဥပဒေပြဋ္ဌာန်းပေးဖို့အထိ တောင်းဆိုလာခဲ့ပါတော့တယ်။

   ဂျာမနီအဓိပတိမာကဲလ် ” ကရိပ်မိလို့ ယဉ်ကျေးမှု မတူနေထိုင်ရမယ် ဘာမယ်ဆိုတဲ့စကားတွေမပြောပဲ နောက်ဆုတ်သွားခဲ့တာတွေ့ရတယ်။ ယူကေနဲ့ ပြင်သစ်မှာတော့ ဘာသာရေးထိပ်တိုက် တွေ့မှုတွေ ရှေ့ဆက်ပြင်းထန်လာပြီးအခန့်မသင့်ရင် ခရူးဆိတ်စစ်ပွဲအထိ ဦးတည်သွားနိုင်တာ တွေ့ရတယ်။

     အမေရိကန်မှာလည်း ထရမ့်က “ရွေ့ပြောင်း ရောက် လာသူတွေဟာ ဒုစရိုက်ပြစ်မှုကျူးလွန်ကြတယ်” လို့ခြုံငုံပြောပြီး သူ့လုံခြုံရေးရဲ၊ စစ်တပ်နဲ့ ဖမ်းဆီး၊ အရေးယူဆောင်ရွက်တာတွေကို ပြင်း ပြင်းထန်ထန်ပြုလုပ်ပြနေပါတယ်။ အဲ့ဒီထဲမှာ စကားတစ်ခွန်းကျံသွားတာက –
“မွတ်စလင်တွေဟာ ပြစ်မှုကျူးလွန်သူအများဆုံးဖြစ်တယ်” ဆိုတဲ့စကားပါပဲ။

     နိုင်ငံတကာအရေးဖြစ်လို့ နှုတ်က ထုတ်ဖော်မပြောဆိုပေမယ့်လည်း အမေရိကန်သမ္မတအဆက် ဆက်ဟာ အစ္စလာမ်ကမ္ဘာကြီးကို ဖြိုခွဲဖို့ Doctrine အမျိုးမျိုး၊ မဟာဗျူဟာအ မျိုးမျိုးချမှတ်ဆောင်ရွက်နေတာကို လေ့လာသူတွေတိုင်းသိနိုင်ကြပါတယ်။ အီရန်ကို နျူမပိုင်စေချင်တာလည်း အဓိက အနေနဲ့က အစ္စလာမ်နိုင်ငံဖြစ်နေလို့ဆိုတာ အားလုံးက သိနားလည်ကြပြီးသားဖြစ်ပါလိမ့်မယ်။

     ဂါဇာကို အပြောင်ရှင်းတဲ့ကိစ္စက ဟားမက်တွေကို သုတ်သင်တာပါသလို၊ အစ္စရေးအတွက် နယ် မြေချဲ့ထွင်တာလည်း ပါဝင်ပါတယ်။ အစ္စရေး- အီရန်စစ်မှာ အီရန်ကိုနျူကလီးယား မပိုင်ဆိုင်စေချင်တာ အစ္စလာမ်ကမ္ဘာကြီးထဲကတစ်နိုင်ငံဖြစ်လို့ဆိုတာလည်း အကြောင်းရင်းကြီးတွေထဲကတစ်ခုဖြစ်ပါလိမ့်မယ်။

     Bush လက်ထက်၂ဝဝ၁ကတည်းက နှစ်ပေါင်းနှစ်ဆယ်ကျော်အရှေ့အလယ်ပိုင်းဒေသသွေးချင်းချင်းနီ၊ မီးဟုန်းဟုန်းတောက်ခဲ့ရတဲ့ မကျေနပ်ချက်တွေဟာ 2025 Qatar အပေါ် အစ္စရေးလျှပ်တစ်ပြက်တိုက်ခိုက်မှုမှာ ပေါက်ကွဲထွက် လာပါတော့တယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေသာ စုစည်းမိသွားကြတာ မဟုတ်ပဲ၊ အရှေ့အလယ်ပိုင်းနိုင်ငံ မဟုတ်တဲ့ အစ္စလာမ်ကမ္ဘာကြီးတစ်ခုလုံးစုစည်းမိသွားကြတာပါ။ စုစုပေါင်း ၅၇ နိုင်ငံဆိုတော့ အင်အားက မသေးတော့ပါဘူး။

     ပြဿနာက ဒီမှာတင်ရပ်မသွားပါဘူး။အကြမ်းဖက်တွေ ဆက်နှိမ်နင်းမလား၊လွှတ်ထားမလားဆိုတဲ့မေးခွန်းဖြစ်လာပါတယ်။ Qatar တိုက်ခိုက်မှုမှာတကယ် ထိပ်တန်းခေါင်းဆောင်တွေ လွတ်သွားပါတယ်။ အစ္စရေးကလွတ်သွားရင် ထပ်တိုက်မယ်လို့ ကြိမ်းဝါးထားပါတယ်။ အီရန်ကလည်း ယူရေနီယံသန့်စင်တာတစ်ဆင့်မြင့်လာပါပြီ။ အစ္စရေးက ထပ်တိုက်ရဦးမှာပါ။ အရင် ပုံစံနဲ့ မတူနိုင်တော့ပါ။ အရင်တစ်ခါက အီရန်တစ်နိုင်ငံတည်း သက်သက်သာဖြစ်ပေမဲ့ အခုအခါမှာရှုမြင်မှုက တစ်မျိုးပြောင်းသွားပါပြီ။ အစ္စလာမ်ကမ္ဘာကြီးထဲက တစ်နိုင်ငံကိုတိုက်တယ်ဆိုတဲ့ အမြင်ဘက်ကို ရောက်သွားပါတော့တယ်။

    ဒီကိစ္စက အစ္စရေးတစ်နိုင်ငံတည်းနဲ့ မဟုတ်တော့ပြန်ပါဘူး။ အမေရိကန်ထက်လည်းကျော်လွန်သွားပါပြီ။ ခရစ်ယာန်အုပ်စုနဲ့ပြန်ပြီး သက် ဆိုင်သွားပါတယ်။ ဟားမက်တွေကို အပြတ်ရှင်းဖို့ အစ္စရေးက ထပ်တိုက်ရဦးမှာပါ။ အီရန် နျူမပိုင်ဖို့လည်းအစ္စရေးနဲ့ အမေရိကန်က ထပ်တိုက်ရဦးမှာပါ။ ဒါဆိုရင် အခြေအနေတွေက“မောင်းခလုတ်ပေါ် လက်ညှိုးတင်ထားတဲ့” အခြေ အနေတစ်ခုကိုရောက်သွားခဲ့ပြီလို့ပဲ ယူဆကြရပါတော့မယ်။

#PAN