
(နိုင်ငံတကာ) စက်တင်ဘာ ၂၄
အိန္ဒိယတပ်မတော်က လေကြောင်းရန် ကာကွယ်ရေးစနစ်ကို စွမ်းအားမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ နိုင်ငံအတွက် အကြီးဆုံးသော ဒရုန်းနှင့်ဒရုန်းဖျက်စစ်ရေးလေ့ကျင့်ခန်းကို လာမည့်လတွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာလ ၂၃ ရက်တွင် ပြောသည်။
Cold Start ဟုအမည်ပေးထားသည့် အဆိုပါဒရုန်းစစ်ရေးလေ့ကျင့်ခန်း၌ ပြည်တွင်းဖြစ်ဒရုန်းစနစ်များ၊ ဒရုန်းဖျက်စနစ် များ၏စွမ်းဆောင်ရည်များကို အကဲဖြတ်သွားမည်ဖြစ်ကြောင်း၊ မေလအတွင်း ဖြစ်ပွားခဲ့သည့် ဒရုန်း စစ်ဆင်ရေး၏ ပုံစံအချို့ကိုလည်း သဏ္ဌာန်တူလေ့ကျင့်သွားမည်ဖြစ်ကြောင်း လေတပ်ဗိုလ်ချုပ်ကြီးရာကက် ဆင်းဟာက ပြောသည်။
ထို့ပြင် ဆူဒါရှန်ချက်ကရာလေကြောင်းရန်ကာကွယ်ရေးစနစ်ကြီးအတွက် ဒရုန်းများနှင့် ဒရုန်းဖျက်စနစ်များက အဓိကကျကြောင်း ၎င်းက ဆက်ပြောသည်ဟု The Straits Times သတင်းဌာနဖော်ပြချက် အရ သိရသည်။