(နိုင်ငံတကာ) စက်တင်ဘာ ၁၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကျောက်ဖရားမြစ်ထဲမှာ စက်တင်ဘာ ၁၄ ရက် တနင်္ဂနွေနေ့ ညနေပိုင်းက ခရီးသည်တင် စက်လှေ ၃ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လူကြိုက်များဆုံး ခရီးသွားနေရာဖြစ်တဲ့ Asiatique The Riverfront အနီးမှာရှိတဲ့ Bang Kholaem ခရိုင်က Wat Ratchasingkhon ဆိပ်ခံမှာ ဆိုက်ကပ်ထားတဲ့ ခရီးသည်တင် စက်လှေအလွတ်တစ်စီး ညနေ ၆ နာရီ ၄၃ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
အဲ့ဒီမီးလောင်မှုဖြစ်ပွားချိန် လေးမိနစ်အတွင်း မီးတောက်တွေဟာ အနီးနားက ရေယာဉ်နှစ်စင်းကို ပျံ့နှံ့သွားတယ်လို့လည်း ပြောပါတယ်။
မီးလောင်မှုကြောင့် လှေတွေရဲ့ဆိုင်းကြိုးတွေပြတ်တောက်သွားပြီး မီးလောင်ကျွမ်းလျှက် မြစ်လယ်ထဲ မျောပါသွားခဲ့တယ်လို့လည်း ထိုင်းဘက်ကလာတဲ့သတင်းတွေကပြောပါတယ်။
မီးသတ်သမားတွေက ည ၇ နာရီ ၂ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၇ နာရီ ၂၅ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့လည်း ဆိုကြပါတယ်။
အဲဒီမီးလောင်မှုကြောင့် အသေအပျောက် မရှိခဲ့ဘူးလို့သိရပြီး မီးလောင်ရတဲ့အကြောင်းရင်းကို ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
#PAN