(မှုခင်း) စက်တင်ဘာ ၁၅
အွန်လိုင်းကတစ်ဆင့် တရားမဝင်ထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းဝယ်ကာ အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ DCS(သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူတွေကို ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်း နှင့် ၅၄ × ၅၅ လမ်းကြား၊ ထွန်တုံးရပ်ကွက်နေ စံထိုက်သီ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသူ ပညာရေးဝန်ကြီးဌာနမှ DCS(သစ္စာမဲ့ဝန်ထမ်း) သီတာဇော်(ဘ) ဦးဇော်စိုး၊ ၃၁ နှစ်နှင့် ဖြိုးမင်းစိုး (ဘ)ဦးဇော်စိုး၊ ၃၅ နှစ် တို့ကို စက်တင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၅/၅၈)၊ ဂရုဏာ(၅)လမ်း၊ ကြူစမ်းရွာသစ်၊ ပြန်လည်နေရာချထားရေး ရပ်ကွက်မှာနေထိုင်တဲ့ သန်းဇော်မိုး (ဘ) ဦးစိန်ရွှေ၊ ၄၂ နှစ်ကိုလည်း အဲ့ဒီနေ့ကပဲ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတရားခံတွေကို စိစစ်ဖော်ထုတ်ချက်တွေအရ သူတို့ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့နဲ့ ဆူပူအုံကြွမှုဖြစ်ပေါ်စေဖို့ Social Media တွေက တစ်ဆင့် Post တင်ရေးသားခဲ့ကြသလို နိုင်ငံ့ဝန်ထမ်းတွေကို DCS လှုပ်ရှားမှုမှာပါဝင်ဖို့ လှုံ့ဆော်တာတွေ မိမိကိုယ်တိုင် DCS ပြုလုပ်ခဲ့တာတွေကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ပညာရေးဝန်ကြီးဌာနမှ DCS(သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်ထံကို အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ကာ တရားမဝင် ပို့ဆောင်ပေးခဲ့တဲ့အပြင် ခိုင်စုလွင် အွန်လိုင်းမှ တရားမဝင် ရောင်းချလျက်ရှိတဲ့ ထိုင်းထီတွေကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ပမှာနေထိုင်တဲ့ ခိုင်စုလွင်
မှ အကြမ်းဖက်မှု ဆောင်ရွက်နေသူတွေကို ငွေကြေးထောက်ပံ့နိုင်ဖို့ သူတို့ရဲ့ Mobile Payments တွေကို အခကြေးငွေရယူကာ အသုံးပြုခွင့်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။
ရောင်းချရသည့်ငွေတွေကို ၎င်းတို့အမည်နဲ့ဖွင့်လှစ်ထားသော Mobile Payments တွေက တစ်ဆင့် ငွေကြေးတွေ လွှဲပြောင်းပေးအပ်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့တာကို တွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
DCS(သစ္စာမဲ့ဝန်ထမ်း) ခိုင်စုလွင်ဟာ Khaing Su Lwin Facebook Accountနဲ့
khaingsu38cdm TikTok Account တို့ကို ၂၀၂၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာဝတ်စုံတွေ ရှမ်းဝတ်စုံတွေနဲ့ ညဝတ်အင်္ကျီတွေကို အွန်လိုင်းစနစ်နဲ့ လိုင်စင်မရှိဘဲရောင်းချတဲ့ လုပ်ငန်းကို DCS (သစ္စာမဲ့ဝန်ထမ်း) သီတာဇော်ထံက ချိတ်ဆက်ရယူလုပ်ကိုင်ခဲ့ခြင်းနဲ့ တရားမဝင် ထိုင်းထီရောင်းချခြင်းတို့က ရရှိလာတဲ့ ငွေကြေးတွေကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးတာတွေ ဆောင်ရွက်နေသူ ဖြစ်တာကို တွေ့ရှိရတယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတရားခံတွေဖြစ်တဲ့ DCS ဝန်ထမ်း သီတာဇော်၊ ဖြိုးမင်းစိုးနဲ့ ငွေကြေးလွှဲပြောင်းရာတွင် ပါဝင်ကူညီခဲ့တဲ့ သန်းဇော်မိုးတို့ကို ဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။
#PAN