တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


(မှုခင်း) စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သာယာကုန်းကျေးရွာအနီး၌ မော်တော်ယာဉ် ၈ စီးပေါ်မှ သြဂုတ် ၂၇ ရက်နေ့က တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၉၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၅၉ မျိုး၊ စားသောက်ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၈၁၆၃၃၈၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး၊ Doh Shwe Myanmar Truck တစ်စီး၊ Toe 12 Wheel Truck တစ်စီး၊ Hino Profia Truck တစ်စီး၊ Nissan Diesel Tractor Head နှစ်စီး၊ Man Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် သုံးတွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့နယ် ဝါးဘိုးတော-ဒုံသမိ လမ်းဆုံအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းငါးမျိုး၊ လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၅၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Forland Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၉၇၄၃၃၈၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် သြဂုတ် ၂၈ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာ တမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၂၃ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၅၈၀၁၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux တစ်စီး၊ Ford Ranger Pick Up တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပေါင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် သထုံမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ရှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၅၈၀၁၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၄၆၅၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၅၄၆၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ၊ မင်းဓမ္မ(၈)လမ်း၊ အင်းလေးမြိုင် စက်မှုဇုန်အနီးရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၆၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် သြဂုတ် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၄၉၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၇၇၁၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်ခြောက်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၇ မျိုး၊ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၈၅၄၂၄၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck နှစ်စီး၊ Isuzu Light Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး၊ Hino Truck တစ်စီး၊ SMK Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ရတနာပုံတံတား (နှာပေါက်) စစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၈၅ ဂါလန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၂၃၉၉၅) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၄၈၇၈၂၃၅ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှိုင်သာယာ စက်မှုဇုန် (၃) ရှိ ဂိုဒေါင်နှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၄၄၄၀)ကိုလည်းကောင်း ၊ မုတ္တမဆိပ်ကမ်း၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၉၀၆၈၅၅၈၂) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Moe Thi Dar ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၉၂၄၀၀၀၂၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် သြဂုတ် ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၉၀၉၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၆၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၉၈၅၀၉၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ သြဂုတ် ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ငါးစီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အစီး ၃၀ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၇၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၃၂၅၇၃၄၅၄) ကို ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန် အစားအထိုးပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

PAN